၂၄. ၁၂. ၂၀၂၂
MT News Editorial

၂၀၂၃ ရွေးကောက်ပွဲမှာ တပ်မတော်၏ ထွက်ပေါက်ဖြစ်သည်ဟု မကြာခဏ ရေးသားလှုံ့ဆော်နေကြသည်များရှိသော်လည်း ထိုလှုံ့ဆော်မှုများမှာ မှားယွင်းနေသည်ဟု MT News က ယူဆပါသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသား မူးယစ်ရာဇာဟု သတ်မှတ်ကာ အမေရိကန်နိုင်ငံက ဒေါ်လာသန်းချီ ဆုချီးမြှင့်မည် ကြေညာချက်ထုတ်ခဲ့သူများကိုပင် မှဲ့တစ်ပေါက်မစွန်းစေရုံမျှသာမက သူဌေးသူကြွယ်အဖြစ်ပါ ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းရှိသော နိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲမှာ တပ်မတော်၏ ထွက်ပေါက်ဟု ဆိုနေကြခြင်းမှာ ရယ်ရွှင်ဖွယ်ရာ ဝါဒဖြန့်မှုသာဖြစ်သည်ဟု ယူဆမိ၍ဖြစ်ပေသည်။

ရွေးကောက်ပွဲသည် တပ်မတော်၏ ထွက်ပေါက်မဟုတ်ဘဲ နှစ်ဖက်ကြားညပ်ကာ သေကြေပျက်စီးနေသော မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် ထွက်ပေါက်သာ ဖြစ်သည်ဟုလည်း MT News သတင်းဌာနက ယူဆထားပါသည်။

လက်ရှိအချိန် နိုင်ငံရေးသုံးသပ်သူများ ခန့်မှန်းကြသည်မှာ

၁။ တပ်မတော်(သို့မဟုတ်)ယာယီသမ္မတဦးဆောင်လာမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပပေးပြီး တက်လာသော ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းမည်။

၂။ NUG နှင့် နိုင်ငံတကာက ရွေးကောက်ပွဲပျက်စီးအောင် ဝိုင်းဝန်းဖျက်ဆီး၍ ၂၀၂၃ ဩဂုတ်လွန်သည်နှင့်တစ်ပြိုင်နက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပျက်စီးကာ ဆူပူအကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာမည့် NUG နှင့် PDF များကြောင့် ယိုယွင်းလာသောနိုင်ငံကို ထိန်းကျောင်းရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့သော မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ဖွဲ့စည်းပုံကို တပ်မတော်က ဦးဆောင်ရေးဆွဲမည်ဟုဆိုကာ ကာလအကန့်အသတ်မရှိ ခြေဥရေးဆွဲအတည်မပြုနိုင်မခြင်း၊ ခြေဥအသစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ပြီး အာဏာလွှဲပြောင်းပေးနိုင်မှု မရှိမခြင်း အာဏာဆက်လက်ရယူသွားမည်။

၃။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) တွင် သာမန်အားဖြင့် နှစ်ကြိမ်ဟု ပါရှိပြီး “အထူးအားဖြင့်” အခြေအနေကို ဖော်ပြမထားသည့်အတွက် အဆိုပါ ပုဒ်မ၏ ဖွင့်ဆိုချက်ကို ပုဒ်မ ၄၁၉ အရ ဥပဒေပြုကာ သာမန်အားဖြင့် ၆ လ နှစ်ကြိမ် အထူးအားဖြင့် ၆ လ နှစ်ကြိမ် ထပ်မံသက်တမ်းတိုးနိုင်သည်ဟု ယူဆမှုများ ရှိနေပေသည်။

နိုင်ငံရေးနှင့် ဥပဒေရေးရာကျွမ်းကျင်သူများ၏ ထင်မြင်ချက်အရ အဆိုပါ သုံးချက်စလုံးသည် ဖြစ်နိုင်ခြေ ရှိသည်သာဖြစ်ပြီး ထိုသုံးချက် အသက်ဝင်မဝင်မှာလည်း NUG နှင့် နိုင်ငံတကာက ၂၀၂၃ ရွေးကောက်ပွဲကို မည်မျှအထိ ဖျက်ဆီးနိုင်မည်နည်းဆိုသည့် အခြေအနေ​အပေါ် မူတည်နေသည်။

၂၀၂၃ ရွေးကောက်ပွဲပျက်ပါကလည်း NUG က မြန်မာနိုင်ငံတွင်းသို့ လာရောက်ကာ အုပ်ချုပ်နိုင်ရန်မှာလည်း ၁ ရာခိုင်နှုန်းပင် ဖြစ်နိုင်သော အခြေအနေမရှိပါဟု MT News သတင်းဌာနက ယုံကြည်ပါသည်။

ထို့အတူ အဆိုပါ သုံးချက်အနက် ၂၀၂၃ ရွေးကောက်ပွဲဖြစ်မြောက်ပါက အနိုင်ရသူအား တပ်မတော်က အာဏာလွှဲပြောင်းပေးမှုမှာ နိုင်ငံနှင့်ပြည်သူအတွက် ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်မည်ဟုလည်း MT News သတင်းဌာနက တွေးဆထားပါသည်။

ထို့ကြောင့် NUG အနေဖြင့် မိမိအာဏာမရနိုင်မှန်းသိပါလျက်နှင့် တိုက်ခိုက်ဖျက်ဆီးနေသည့်ထက် NLD ပါတီအဖြစ်ဖြင့်ပင် ၂၀၂၃ ရွေးကောက်ပွဲဝင်ပြိုင်ကာ “ဘယ်အချိန် မဲပုံးထောင်ထောင် ငါတို့နိုင်တယ်”ဟု ကြွေးကြော်ခဲ့သော စကားသံများအား သတ္တိရှိစွာ အကောင်အထည် ဖော်ခြင်း၊ ရွေးကောက်ပွဲမသမာမှုဖြစ်မည်ဟု အကြောင်းပြခြင်းများထက် မသမာမှုဖြစ်လာပါက စနစ်တကျစစ်ဆေးဖော်ထုတ်ခြင်းများ ပြုလုပ်နိုင်သည့် ပညာဉာဏ်၊ လူထုအားတို့ဖြင့်သာ ယှဥ်ပြိုင်သင့်ပြီး အကြမ်းဖက်သတ်ဖြတ်မှုပြုရန်ကြံစည်သည့် ၂၀၂၃ ရွေးကောက်ပွဲဖျက်ဆီးရေးဗျုဟာများကို နိုင်ငံတကာပံ့ပိုးအားနှင့် ဆက်လက်မကိုင်စွဲပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *