March 28, 2024

“အမေရိကန်၊ ဗြိတိန်၊ EU၊ OIC နဲ့ ကုလသမဂ္ဂရဲ့ ဖိအားတွေက ရွေးကောက်ပွဲ ပျက်သွားစေနိုင်သလား” ဟု MT News က ပြုလုပ်ခဲ့သည့် Debate တွင် ပါဝင်ယှဉ်ပြိုင်သူများမှ ကောင်းမွန်စွာ ဆွေးနွေးနိုင်သူသုံးဦးအား ကျပ် ၁ သိန်း ချီးမြှင့်”

၃၁. ၁၂. ၂၀၂၂
MT News Debate

အမေရိကန်၊ ဗြိတိန်၊ EU၊ OIC နှင့် ကုလသမဂ္ဂတို့က NUG ကို ထောက်ခံကာ SAC ၏ ရွေးကောက်ပွဲပျက်စေရန် ကြံဆောင်နေသော်လည်း ရွေးကောက်ပွဲပျက်စေရန်အထိ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း MT News သတင်းဌာန၏ ဒီဇင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ပြုလုပ်သည့် တတိယအကြိမ် Debate တွင် ပြည်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံက PDF များကို ထောက်ပံ့မည့် NDAA၊ ဗြိတိန်နိုင်ငံ၏ အဆိုပြုချက်နှင့် ထွက်ပေါ်လာသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်များနှင့် NUG ကို တရားဝင်ခေါ်တွေ့သည့် EU ၏ လုပ်ရပ်များ၊ ထိုင်းအစိုးရစီစဉ်သည့် အလွတ်သဘောတွေ့ဆုံပွဲကို အမေရိကန်နှင့် OIC ယိမ်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း စသည့်နိုင်ငံများ တက်ရောက်မှုမရှိခြင်းအပေါ် အခြေပြုကာ အဆိုပါနိုင်ငံများ၏ ဖိအားပေးမှုကြောင့်သာ ရွေးကောက်ပွဲပျက်ပါက ခြေဥမှာလည်း ပျက်ပြယ်သွားနိုင်ပြီး လက်ရှိတွင် အာဏာရယူထားသည့် တပ်မတော်က ခြေဥအသစ်ပြန်လည်ရေးဆွဲရန် စီစဉ်ကာ နှစ်ရှည်အာဏာရယူနိုင်သည့် အခြေ အနေအပေါ် MT News သတင်းဌာနက “အမေရိကန်၊ ဗြိတိန်၊ EU၊ OIC နဲ့ ကုလသမဂ္ဂရဲ့ ဖိအားတွေက ရွေးကောက်ပွဲပျက်သွားစေနိုင်သလား” ခေါင်းစဉ်ဖြင့် Debate ကျင်းပပေးခဲ့သည်။

ထို Debate တွင် အခြေပြုစဉ်းစားရန် အချက်များအဖြစ် “၁။ ရွေးကောက်ပွဲပျက်အောင် NUG က လုပ်ဆောင်နေတာ မှန်ပါသလား။ ၂။ အမေရိကန်၊ ဗြိတိန်၊ EU၊ OIC နဲ့ ကုလသမဂ္ဂရဲ့ ဖိအားတွေက NUG အတွက် အင်အားဖြစ်စေပြီး ရွေးကောက်ပွဲပျက်စီးရေး လုပ်ဆောင်နိုင်မလား။ ၃။ SAC အနေနဲ့ရော အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ တရုတ်ဘက်ယိမ်းတဲ့ အာဆီယံနိုင်ငံတွေရဲ့ အားကိုယူပြီး ကတိအတိုင်း ရွေးကောက် ပွဲလုပ်ပေးပြီး အာဏာလွှဲပြောင်းပေးနိုင်အောင် ကြိုးစားပေးမယ်ထင်လား။ ၄။ အမေရိကန်ရဲ့ တရုတ် BRI ကို ဖျက်ဆီးရေး မဟာဗျုဟာအတွက် အချက်အခြာကျတဲ့ မြန်မာနိုင်ငံကို ပုံစံမျိုးစုံနဲ့ ပျက်သုဉ်းအောင်လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဖိအားဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံကရော တခြားနိုင်ငံတွေကို သံတမန်ရေးအရ ဘယ်လိုတုံ့ပြန်သင့်တယ်ထင်လဲ” စသည့် လေးချက်ဖြင့် ဆွေးနွေးစေခဲ့ရာ အများစုက NUG အနေဖြင့် ရွေးကောက်ပွဲပျက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ကောင်းမွန်သော ဆွေးနွေးချက်များအဖြစ် Thant Nay Soe အကောင့်ပိုင်ရှင်က အမေရိကန်၏ NUG နှင့် PDF များကို ထောက်ပံ့မှုမှာ SAC နှင့် နီးကပ်လာနေသော ရုရှား၏စီမံကိန်းများနှင့် ခြေလှမ်းများကို ဖြတ်တောက်ချင်ဟန်ရှိကြောင်း “အမေရိကန်က NUG/PDF နဲ့ EAO တွေကို ဒေါ်လာတွေ ပုံအောထောက်ပံ့မယ်လို့ သတင်းထွက်ပြီး ဟိုဘက်က အချိုးတွေပြောင်းကုန်တာ လက်တွေ့။ သို့သော် အမေရိကန်က ထောက်ပံ့တဲ့ပမာဏကို ယှဉ်ကြည့်ရင် ယူကရိန်းနဲ့ထိုင်ဝမ်က အပုံကြီးသာတယ်။ မြန်မာကကောင်တွေက အစွန်းထွက်နှစ်ပဲခြောက်ပြားလောက်ရယ်။ အကြောင်းက မဒမ်ဆိုင်အင်းဝမ်နဲ့ ဇလန်းစကီးက ပြည်ပြေး NUG ထက် သိက္ခာပိုင်းရော ခြေကုပ်ပိုင်းပါသာတယ်။ PDF နဲ့ NUG လို အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့ရတာနဲ့တင် ဘိုင်ဒင်ရဲ့သိက္ခာ ကုန်းကောက်စရာမရှိတော့ဘူး။ ဒီတော့ ဘာလိုငွေတွေပေးလာသလဲ။ ရွေးကောက်ပွဲဖျက်ချင်တဲ့ NUG ကို တကယ်ထောက်ပံ့တာလားဆိုတော့ မဖြစ်နိုင်ဘူးဗျ။ NUG က အကြမ်းဖက်ဖြစ်နေတဲ့အပြင် နိုင်ငံသားတောင်မဟုတ်တော့ ဒီကောင်တွေက နိုင်ငံရေးသေပြီးနေပြီ။ ကျွန်တော်ယူဆတာကတော့ ရွေးကောက်ပွဲကို လူထု အယုံအကြည်မဲ့အောင်၊ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားတွေတိုးလာအောင် မီးထိုးရင်း တစ်ဖက်က ရုရှားရဲ့စီမံကိန်းတွေနဲ့ ခြေလှမ်းတွေကိုပါ ဖျက်ချင်ပုံရတယ်။ အစိုးရနဲ့ရုရှားတို့ လက်ရှိမှာ ဘယ်အထိ ရောက်နေကြပြီဆိုတာက လျှို့ဝှက်ချက်ပေါ့။ အမေရိကန်က NUG တို့ ဘာတို့ထက် ရုရှားကို ပိုအာရုံစိုက်တာ။ ဒါကြောင့်လည်း ထိုင်းမှာခြေကုပ်ယူပြီး စစ်တပ်ကို စစ်ပန်းအောင် တဖြည်းဖြည်းမြှူနေတာ။ စစ်တပ်ကလည်း ရုရှားကို နင်းကန်ပွဲထုတ်လာတာ။ ဒီတော့… ကျွန်တော့်အမြင်ပြောရရင် အမေရိကန်က ရုရှားကို ဗျူဟာပိုင်းမှာ အသာ မရဘူးဗျ။ သူအခု အကြမ်းဖက်တွေကိုပေးတဲ့ ဒေါ်လာကလည်း ရုရှားက မြန်မာအစိုးရကို လျှော့ပေးလိုက်တဲ့ ဆီဖိုးလောက်တောင် ရှိမှာမဟုတ်ဘူး။ ဆိုတော့ကာ….ရွေးကောက်ပွဲက လုပ်ဖြစ်လိမ့်မယ်။ နစက ရဲ့ Plan အတိုင်း သွားလိမ့်မယ်။ ဒီကြားထဲက အခြေအနေအတွက် Bush Doctrine ကို ကျင့်သုံးပါလို့ တိုက်တွန်းရင်တော့… ဟုတ်ကဲ့.. ကျွန်တော်ပဲ အကုသိုလ်များရပါတယ်ခင်ဗျာ” ဟု မှတ်ချက်ပြုခဲ့သည်။

ထိုသို့ ဆွေးနွေးမှုများအပေါ် တုံ့ပြန်သူအချို့က ရွေးကောက်ပွဲဖြစ်စေရန် မဲပေးသူများ သတ် ဖြတ်ခံရမည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် မဲလာရောက်ပေးသူများ ဘေးကင်းရေး အစိုးရက စီမံရန်နှင့် ပြည်သူများ ယခုထက်ပို သ တ်ဖြတ်မခံရစေရန် ကာကွယ်ပေးသင့်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသလို Saw Ma Har အကောင့်ပိုင်ရှင်ကလည်း “အမေရိကန်တို့၊ EU တို့၊ ဗြိတိန်တို့၊ ကုလတို့၊ OIC တို့က ရွေးကောက်ပွဲပျက်လောက်အောင်အထိ လုပ်မှာမဟုတ်ပါဘူး။ နိုင်ငံအနှံ့မတည်ငြိမ်အောင် ဝင်ပြီး ဖျက်ဆီးနိုင်ရုံ၊ အဆင်းကို ဘီးတပ်ဖို့ပဲ တွန်းအားပေးလာတဲ့ သဘောပါ။ အမေရိကန်ကသာ ရွေးကောက်ပွဲပျက်စေချင်တယ်ဆိုရင် ယူကရိန်းကို ဒေါ်လာဘီလျံချီပြီး ငွေကြေးတွေ ဒေါ်လာတွေ ပေးသလိုမျိုး ပေးလိုက်လို့ရတယ်။ အခု သူတို့ပေးမယ်ဆိုတဲ့ သန်း ၅၀၀ လောက်က NGO တွေဆီ ထက်ဝက်လောက်သွားမှာပဲ။ နောက်ပြီး အမေရိကန်က NUG ကို ၁၉၈၈ တုန်းက NCGUB လို့တောင် အစိုးရအဖြစ် အသိအမှတ်ပြုထားတာမဟုတ်ဘူး။ နောက်ပြီး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကလည်း ဘာမှအရေးပါတဲ့အချက်တွေ မဟုတ်ဘူး။ အဖြစ်ပဲလုပ်ပြထားတာ။ OIC ကတော့ ဘ င်္ဂါလီအရေးအတွက်နဲ့ အဓိကပါတာမျိုးပဲ။ အဲဒါကလည်း နုဂျီဆီကို တည့်တည့်သွားနေလို့ သံဃာတွေ သ တ်တာပဲလုပ်ပြနေတာ။ ဒီတော့ SAC ရဲ့ ရွေးကောက်ပွဲကို ဒီနိုင်ငံတွေရဲ့ ဖိအားနဲ့ ဖျက်နိုင်ဖို့ကတော့ မလွယ်ဘူး။ ဒါပေမဲ့ ပြည်သူတွေကတော့ ပိုပြီးတော့ကို အသ တ်ခံရဦးမဲ့ အခြေအနေမှာ ရှိတယ်။ SAC အနေနဲ့ အမေရိကန်နဲ့ OIC ယိမ်း အာဆီယံနိုင်ငံတွေကို တင်းတင်းမာမာ တုံ့ပြန်သင့်တယ်။ အင်ဒိုနီးရှားလို ဖိအားပေးမဲ့နိုင်ငံမျိုး အာဆီယံဥက္ကဋ္ဌဖြစ်လာချိန်မှာ ပိုတင်းမာသင့်တယ်။ လိုအပ်ရင် အာဆီယံက ထွက်ပစ်မယ်ဆိုတာမျိုးအထိ လုပ်သင့်ရင်လည်း လုပ်ရမယ်လို့ မြင်တယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ထို့အတူ NUG အနေဖြင့် ရွေးကောက်ပွဲဖျက်လိုခြင်းမှာ ရွေးကောက်ပွဲသာ ပျက်သွားပါက ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်း ဦးဆောင်ခဲ့သည့် NCGUB ကဲ့သို့ နိုင်ငံတကာနှင့် မြန်မာပြည်သူ၏ အမေ့ခံဖြစ်သွားကာ မည်သူကမျှ ထောက်ပံ့မှုမပြုသည့် အခြေအနေရောက်သွားနိုင်သည့်အတွက် NUG အနေဖြင့် လက်ရှိအနေအထားအတိုင်း အထောက်အပံ့ရရှိကာ လူရာဝင်ရေးအတွက် မစားရသည့်အမဲ၊ သဲနှင့်ပက်သကဲ့သို့ ပတ်မကြီးထိုးဖောက်ရန် ကြံစည်သည့်အနေအထားသာဖြစ်သည်ဟုလည်း ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

ထိုသို့သော အမြင်များအတွက် Htin Myat Aung အကောင့်ပိုင်ရှင်က “NDAA မှာ ပါတာက မြန်မာနိုင်ငံအတွက် ၂ ချက်။ တစ်ချက်က ဆန်ရှင်ပိတ်ဖို့နဲ့ နောက်တစ်ချက်က ဒေါ်လာ သန်း ၂၂၀ ကျော်ကို မြန်မာအပါအ၀င် ဘင်္ဂလား၊ ထိုင်းနဲ့ တစ်ခြားဒေသတွင်း နိုင်ငံတွေကို USAID ကနေတစ်ဆင့် အရပ်ဘက်အဖွဲ့အစည်း NGO/CSO တွေနဲ့ တိုင်းရင်းသားတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ပါတယ်။ ဒီတော့ $ သန်း ၂၂၀ ကျော်လုံးကို NUG စီ အကုန်ပေးမှာ မဟုတ်ဘူး။ ဘင်္ဂလားကိုလည်း မျှပေးရမယ်။ ဒီတော့ NUG နည်းနည်း၊ KIA၊ KNU နည်းနည်းစီ ပေးပြီး SAC ရဲ့ ရွေးကောက်ပွဲကို မဖြစ်အောင် တိုက်ပွဲဖော်ခိုင်းမယ်။ ဒီကြားထဲ EAOs နဲ့ NUG စီ တိုက်ရိုက်ပေးမှာ မဟုတ်တဲ့အတွက် ကြားထဲက ဆက်သွယ်ပေးတဲ့ CSO တွေက ပွပေါက်တိုးဦးမယ်။ ဒီတော့ ထိုင်းနယ်စပ်နဲ့ စစ်ကိုင်း၊ ချင်းမှာ တိုက်ပွဲတွေ ထပ်ပြင်းထန်ဦးမယ်။ ရခိုင်မှာတော့ AA နဲ့ အပေးအယူလုပ်ထားပြီး ငြိမ်အောင်ထိန်းမယ်။ ဒါပေမဲ့  ဘ င်္ဂါလီအရေးက ထပ်ပေါ်လာရင် AA နဲ့ ညှိမယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲလုပ်လို့ရတဲ့ မြို့နယ်အရေအတွက်တိုးအောင် အင်အားကြီးလက်နက်ကိုင်တွေနဲ့ ညှိမှာပဲ။ တရုတ်ရဲ့ Proxy ဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်နေလိမ့်မယ်။ အမေရိကန်ရဲ့ NDAA ဆီက ထွက်လာတဲ့အထောက်အပံ့နဲ့ NUG, KIA, KNU က ရွေးကောက်ပွဲကို ဖျက်မှာလို့ တရား၀င်မပြောပေမယ့် ပျက်အောင်လုပ်ဖို့ တိုက်ပွဲတွေ ဖန်တီးမှာပါ။ NUG ဆိုတာ ရွေးကောက်ပွဲဖြစ်ခဲ့ရင် နိုင်ငံတကာမှာ ပြည်ပြေးအစိုးရအနေနဲ့ ပုံရိပ်ကျသွားမှာ။ ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲနီးမှ အမျိုးသားရင်ကြားစေ့ရေးအတွက်ဆိုပြီး လွှတ်ပေးလိုက်ရင် NUG က နိုင်ငံခြားမှာကောင်းစားနေတဲ့ ၀န်ကြီးတွေ ခွက်ပျောက်မယ်။ NUG ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကို ထောက်ခံတဲ့သူအများစုနဲ့ ဖွဲ့စည်းထားတော့ NUG က လူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ဖိုက်မလား။ ပြန်ပေါင်းမလား ရွေးစရာဖြစ်လာမယ်။ NUG ကွဲရင် အောက်က PDF လည်း ဘုံပျောက်မယ်။ SAC ကတော့ ရွေးကောက်ပွဲလုပ်မှ အာဏာလွှဲလို့ရမယ်။ သမ္မတကို တရား၀င်အောင်အတွက် တရုတ်နဲ့ ရုရှားအကူညီကို ယူပြီး ဖြစ်အောင်လုပ်ဖို့ပဲ တွေ့ရတယ်။ အာဆီယံကလည်း အခုတင် တရုတ်ရဲ့ ဩဇာခံနိုင်ငံတွေနဲ့ အမေရိကန်ဩဇာခံနိုင်ငံတွေဆိုပြီး China-ASEAN နဲ့ US-ASEAN ဆိုပြီး ပိုထင်ရှားလာတော့မယ်။ မြန်မာကိုသာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ အင်အားကြီးတွေပါတဲ့ SCO နဲ့ BRCIS အဖွဲ့တွေမှာ ပါ၀င်ခွင့်ရလာမယ်ဆိုရင် အခုထက်ပိုပြီး အဆင်ပြေလာမယ်။ အဲဒီအခါမှာ အာဆီယံကို ဂရုစိုက်ဖို့တောင် မလိုတော့ပါဘူး” ဟု မှတ်ချက်ပြုခဲ့သည်။

MT News သတင်းဌာန၏ Debate သည် ရွေးကောက်ပွဲဖြစ်မြောက်စေလိုသော ပြည်သူများမှာ နှစ်ဖက်အကြား ကြောက်ရွံ့မှုများကြောင့် အသံတိတ်နေသော လူတန်းစားများအသံကို ကိုယ်စားပြုလိုသဖြင့် ကျင်းပခြင်းဖြစ်ပြီး ထင်မြင်ချက်ပေးသူများမှာ NUG, PDF များက သတ် ဖြတ်မည့်အန္တရာယ်၊ SAC က ဖမ်းဆီးနိုင်သည့်အခြေအနေကြားမှာ မှတ်ချက်ပြုကြခြင်းဖြစ်သောကြောင့် Like & Reaction အများဆုံးသူများကို ဆုချီးမြှင့်ရန် အစီအစဉ်လည်းပါရှိရာ Thant Nay Soe အကောင့်ပိုင်ရှင်က Like & Reaction “ ၄၀၂” ခုဖြင့် ပထမဆု ကျပ် ၅၀၀၀၀၊ Saw Ma Har အကောင့်ပိုင်ရှင်က Like & Reaction “၁၅၇” ဖြင့် ဒုတိယဆု ကျပ် ၃၀၀၀၀ နှင့် Htin Myat Aung အကောင့်ပိုင်ရှင်က Like & Reaction “၇၆” ခုဖြင့် တတိယဆု ကျပ် ၂၀၀၀၀ အသီးသီး ဆုရရှိခဲ့သည်။

MT News သတင်းဌာန၏ တတိယအကြိမ် Debate ကို ယခုလင့်ခ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး https://www.facebook.com/100084427521875/posts/pfbid02mZXms2DeXUcEFy6hgrsUbSiYd68rUAnhhs8x1KLdZrCaEq35nz7j4t4HiZTNAT41l/?mibextid=Nif5oz ဆုရရှိသူများအနေဖြင့် ယခုပိုစ့်တင်ပြီးချိန်မှ စတင်၍ ဆုငွေထုတ်ယူနိုင်မည်ဖြစ်ကာ MT News သတင်းဌာန၏ စတုတ္တအကြိမ် Debate ကိုမူ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်သူများကိုလည်း ထပ်မံပြုလုပ်မည့် Debate များတွင် ဆက်လက်ပါဝင် ယှဉ်ပြိုင်ပေးပါရန်လည်း MT News အယ်ဒီတာအဖွဲ့က လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည်။

MT News အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *