April 24, 2024

၃၁. ၁၂. ၂၀၂၂
MT News Editorial

၂၀၂၂ ကို လည်ပြန်ကြည့်ပါက စိတ်မကောင်းစရာအတိ ဖြစ်ခဲ့ကြသည်ကိုသာ တွေ့မြင်ရမည်ဖြစ်ပေသည်။

အာဏာပဋိပက္ခများအကြား လက်နက်ကိုင်သူ အားလုံးက အသာစီးမှ နေသားကျသွားချိန်တွင် ထိခိုက်နစ်နာရသည်မှာ နိုင်ငံနှင့် ပြည်သူများသာဖြစ်ပြီး ယခုနှစ်နှစ်ကျော်ကာလအတွင်း အပြန်အလှန်စွပ်စွဲသတ်ဖြတ်မှုများအကြားတွင် ပြည်သူ ၃၀၀၀၀ ခန့် (NUG မှ လူ ၂၅၀၀၀ ကျော် သ တ်ဖြ တ်ထားဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောထား) အသက်ပေးခဲ့ရပြီးဖြစ်ကာ အိမ်အလုံးရေ ၄၀၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရပြီဖြစ်သည်။

တောမီးလောင်၍ တောင်ကြောင် လက်ခမောင်းခတ်သလို သူ့လူမို့လို့၊ ငါ့လူမဟုတ်လို့ဆိုသော စွပ်စွဲချက်များအောက်ဝယ် ပြည်သူများသာ သ တ်ဖြ တ်လုယက်ခံ၊ မုဒိမ်းကျင့်ခံနေရသည့် ဖြစ်စဉ်များမှာလည်း မကြားချင်အဆုံးဖြစ်ခဲ့ရသလို လက်နက်ကိုင်အကြမ်းဖက်သူများက လူမြင်ကွင်းတွင် အမျိုးသမီးငယ်တစ်ဦးကို သက်သေခိုင်လုံမှုမရှိဘဲ စွပ်စွဲကာ မိနစ်ပိုင်းအတွင်း ရက်စက်စွာသ တ်ဖြ တ်ခဲ့မှုမှာလည်း လူအများ တုန်လှုပ်ရသည့် ၂၀၂၂ ခုနှစ်၏ စိတ်ထိခိုက်စရာအကောင်းဆုံးမြင်ကွင်းဖြစ်ခဲ့လေသည်။

ထို့အတူ တော်လှန်သူများ၏ မိခင်အများစု စုဝေးနေချိန် တော်လှန်သူအစုအဖွဲ့ကပင် အင်းစိန်ထောင် ဗုံးခွဲလေရာ ရပ်တည်ချက်တူသူများ၏ မိခင်များသာ အသက်ပေးရသည့်ဖြစ်စဉ်ဖြစ်ခဲ့သလို ထို အင်းစိန်ထောင်ဗုံးခွဲမှုသေဆုံးရသူများမှာ ကျည်သင့်သေဆုံးရသည်ဟု လိမ်လည်ကြသည့် သတင်းဌာနအချို့၏ အကြမ်းဖက်မှုအားပေးသော သတင်းများမှာလည်း သေဆုံးသူအားလုံး ဗုံးဆံထိမှန်သေဆုံးသည့်ရုပ်ကလာပ်များမြင်ချိန်မှ သတင်းမှားဖြန့်မှုရပ်တန့်ကြသော်လည်း ကျင့်ဝတ်မလိုက်နာသည့် သတင်းများမှာ စိတ်ပျက်စရာအတိဖြစ်ခဲ့ပေသည်။

အဆိုပါ ဖြစ်စဉ်အားလုံးကို စေ့ငုပါက အာဏာပဋိပက္ခဖြစ်သူများအကြား အေးချမ်းနေပြီး ပြည်သူများသာ ထိခိုက်သလို “လက်နက်ဖြင့် စီးပွားရှာခြင်းမှာ အကောင်းဆုံးစီးပွား” ဖြစ်သည်အမြင်များဖြင့် ဒေသအလိုက် လက်နက်ကိုင်လုယက်ကာ ဆက်ကြေးကောက်သည့်ဖြစ်စဉ်များ နေရာအနှံ့တွင် ဖြစ်ပွားလာနေခြင်းမှာ နိုင်ငံနှင့် ပြည်သူ့အတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ်မဟုတ်ခဲ့ပြန်ပါချေ။

ပို၍ဆိုးနေသည်မှာ တစ်ဖက်အဖွဲ့အစည်းကို အမုန်းပွားပြီး တော်လှန်ပုန်ကန်လိုစိတ်များထကြွလာအောင် အဖွဲ့အတု၊ သတင်းအမှားများဖြင့် ပုံဖျက်လုယက်သတ်ဖြတ်မှုများမှာလည်း နေရာအနှံ့တွင်ဖြစ်နေရာ ထိုသို့သော ပုံဖျက်မှုများ၊ သတင်းအမှားများကို ယုံစားကာ တစ်ဖက်ပိတ်နားဖြင့် ဆက်သွားနေသရွေ့ တိုင်းပြည်၏ ဖြစ်စဉ်ပိုမိုဆိုးရွားသည့်အသွင်သာ ဆက်လက်ပေါ်ပေါက်နေဦးမည်လည်း ဖြစ်ပေသည်။

ထို့အတွက် အဓမ္မ၊ အကြမ်းဖက်မှုများ တွေ့မြင်ပါက မည်သည့်ဘက်က လုပ်သည်ဖြစ်စေ ကန့်ကွက်ရှုတ်ချတတ်သော ဉာဏ်ရည်မျိုး ပိုင်ဆိုင်နိုင်ပါရန်နှင့် မိမိထောက်ခံသူက မတရားလုပ်ခြင်းအပေါ် ချစ်ခင်ဘက်လိုက်လိုသောစိတ်ဖြင့် မသိကျိုးကျွံပြုခြင်းမှာလည်း အဓမ္မကို အားပေးခြင်းဖြစ်ပါကြောင်းနှင့် ဓမ္မလမ်းကြောင်းပေါ်မှ ခြေချော်ကျနေပြီဖြစ်ကြောင်း မြင်ချိန်တန်ပြီဖြစ်သည်ဟုလည်း MT News သတင်းဌာနက အသိပေးတင်ပြရင်း ၂၀၂၃ ခုနှစ်တွင် နိုင်ငံနှင့် ပြည်သူသာ ဆက်လက်အထိနာစေမည့် မျက်ကန်းထောက်ခံမှုများ လျှော့ချကြပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းတောင်းဆိုအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *