April 28, 2024

၁. ၁. ၂၀၂၃
Written by Phyo Wei

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်နေတဲ့ PTT လုပ်ငန်းစုဟာ Norway Sovereign Wealth Fundရဲ့ ဖိအားကြောင့် မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုင်းငံ့လိုက်တဲ့သတင်းဟာ ရေလိုက်လွဲနေတဲ့ တော်လှန်လူတစ်စုအတွက် ပျော်စရာဖြစ်ပေမဲ့ နိုင်ငံတကာက လုပ်ငန်းတစ်ခု အရှုံးခံထွက်သွားတိုင်း ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေလက်ထဲပဲ ပြန်ရောက်သွားပြီး ဒီလိုလူတွေထဲမှာ ခရိုနီတွေ၊ တိုင်ကွန်းတွေလည်းပါနေတာကြောင့် တော်လှန်လူတစ်စုရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ရေးလှုပ်ရှားမှုဟာ ခရိုနီတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ပေးနေသလားလို့ ထင်ရတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးဖြစ်စဉ်တွေအဖြစ်တော့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ မြင့်တက်လာတဲ့ ကားထုတ်လုပ်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယစီမံကိန်းတွေအကြောင်းနဲ့ ငွေစက္ကူအသစ်ထုတ်ဖို့မရှိဘူးလို့ ယတိပြတ်ကြေညာလာတဲ့ ဗဟိုဘဏ်ရဲ့ ကြေညာချက်တွေအကြောင်းကို တင်ပြချင်ပါတယ်။

မြင့်တက်လာတဲ့ ကားထုတ်လုပ်မှု

နေရာအနှံ့မှာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ကားထုတ်လုပ်နိုင်မှုဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆို ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအတွင်း ၁၃၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ အာဆီယံ ကားထုတ်လုပ်ရောင်းဝယ်ရေးအဖွဲ့ချုပ် ASEAN Automotive Federation (AAF) ရဲ့ စစ်တမ်းတွေမှာ ဖော်ပြလာပါတယ်။

နိုင်ငံရေးမကျေလည်မှုတွေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ ကားအစီးရေ ၁၃၂၉ စီးပဲ ထုတ်နိုင်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ ကားအစီးရေ ၃၁၁၅ စီးအထိ ထုတ်လုပ်နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ ကားထုတ်လုပ်နိုင်စွမ်း သိသိသာသာပြန်မြင့်တက်လာတာပါ။ ဒီလိုမြင့်တက်လာတဲ့ ကားထုတ်လုပ်မှုတွေထဲမှာ အမေရိကန်က Ford ကားကုမ္ပဏီရဲ့ ကားတွေလည်း ပါဝင်ထုတ်လုပ်ရောင်းချနေပြီး ဒီလိုမျိုးအမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းစုအများအပြား မြန်မာနိုင်ငံတွင်းမှာ ဆက်လက်လည်ပတ်နေတာကလည်း NUG ကို ပံ့ပိုးပြီး ရွေးကောက်ပွဲလက်မခံကြောင်းပြောနေတဲ့ အမေရိကန်ရဲ့ “၂၀၂၃ ရွေးကောက်ပွဲပျက်အောင် လုပ်မှာမဟုတ်ကြောင်း အချက်ပြတဲ့ စီးပွားရေးဆိုင်ရာသတင်းစကား” လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အိန္ဒိယစီမံကိန်း

တပ်မတော်နဲ့ AA အကြား အပစ်အခတ်တွေရပ်စဲထားပြီး ရခိုင်ပြည်နယ် ပြန်လည်အေးချမ်းလာပေမဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေအရ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ အိန္ဒိယအစိုးရဘက်က ပြောလာတာ တွေ့ရပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်တဲ့ ကုလားတန်စီမံကိန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသားဝန်ထမ်းတွေကို AA က ဖမ်းဆီးဖူးတာအပြင် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေရှိနေချိန်မှာ ကုလားတန်စီမံကိန်းက ရေလမ်းမှာ အထူးတလည် ပြသနာမရှိပေမဲ့ ကုန်းလမ်းဘက်မှာတော့ စိုးထိတ်မှုတွေ ရှိနေရတာပဲဖြစ်ပါတယ်။

တရုတ်နဲ့ နီးစပ်တယ်လို့ အမြဲတစေ အပြောခံနေရတဲ့ AA ဟာ တရုတ်ရဲ့ ကျောက်ဖြူစီမံကိန်းနဲ့ ရေနံပိုက်လိုင်းတွေကို ထိခိုက်တိုက်ခိုက်မှုတစ်ကြိမ်မှမလုပ်ပေမဲ့ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကိုတော့ မကြာခဏနှောင့်ယှက်ဖျက်ဆီးမှုတွေ လုပ်တတ်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ ရခိုင်ပြည်သူတွေနဲ့ နိုင်ငံထိခိုက်တာကလွဲရင် ဘယ်သူ့အတွက်မှ အကျိုးမရှိတာကို မတွေးဆနိုင်သရွေ့တော့ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်အဆင့်ထဲက လွတ်လာမှာ မဟုတ်တာကို သတိချပ်ဖို့ လိုအပ်ပါတယ်။

ထုတ်ဖို့မရှိတဲ့ ငွေစက္ကူအသစ်

ပြည်သူတွေ လုံခြုံရေးကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၂၇ မှာ ပြုလုပ်တဲ့ ပြည်တွင်းသုံးငွေစက္ကူတွေ ထုတ်ဝေခြင်းနဲ့ စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲမှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားတယ်လို့ သတင်းထုတ်ပြန်အပြီးမှာ ဒီသတင်းအပေါ်အခြေခံပြီး ငွေစက္ကူသစ်ထုတ်ဝေမယ်လို့ ကောလာဟလတွေ တစ်ကျော့ပြန်ထွက်လာတာကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ထုတ်ဝေဖို့ အစီအစဉ်လုံး၀မရှိဘူးလို့ ဒီဇင်ဘာ ၃၀ ရက်မှာ ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးအစ ဘဏ်တွေပြိုရင် တိုင်းပြည်ပြိုမယ်။ တိုင်းပြည်ပြိုရင် အစိုးရပျက်မယ်ဆိုတဲ့ အယူအဆတွေနဲ့ တော်လှန်သူတွေက ဘဏ်တွေပြိုအောင်၊ ကုန်စျေးနှုန်းတွေ တက်အောင် ကောလာဟလနဲ့ စျေးကစားတဲ့အချိန်မှာ ရိုးအတဲ့သူတွေက ကိုယ့်ငွေကိုယ်အမြတ်ပေးထုတ်၊ ဘယ်ထားရမယ်မသိချိန်မှာ ရွှေတွေ၊ မြေတွေ၊ ကားတွေ အမြင့်စျေးနဲ့ဝယ်။ ပိုက်ဘောတွေမိနဲ့ ဒုက္ခရောက်ခဲ့ကြတာ ပူပူနွေးနွေးပါ။ အဲဒီပိုက်ဘောမိသူတွေက ဒီပိုက်ဘောတွေ ကန်ထုတ်ဖို့ လူတွေယုံအောင် ကောလာဟလထုတ်ပြီး စျေးကစားတဲ့ နည်းပဲ လုပ်တတ်တာပါ။ ဒါကြောင့်မို့လို့လည်း ငွေစက္ကူအသစ်တွေ ထုတ်တော့မယ်ဆိုတဲ့ ဖွလုံးလှန့်လုံးတွေ မကြာခဏထုတ်နေတာကို တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားမလည်ရင်တော့ ပိုက်ဘောတွေက ကိုယ့်ဆီရောက်လာမှာဖြစ်ပါတယ်။ ကောလာဟလယုံရင် ပိုက်ဘောမိတယ်ဆိုတာ့အပြင် ပိုမြင်စေချင်မိတာက ဘဏ်အကျပ်အတည်းကာလမှာ အမြတ်ယူငွေထုတ်ပေးပြီး ပိုချမ်းသာသွားတဲ့ သူဌေးတွေဟာ ဘဏ်ထဲက ငွေထုပ် ထပ်ဖောင်းလာဖို့ ဒီတစ်ခါအကြောက်လွန်ရင် အရင်နှစ်ထက် နှစ်ဆ ရာခိုင်နှုန်းတက်ယူရမယ်လို့ တွေးနေတာကိုပါ ပြေးမြင်ပြီးတော့ ကောလာဟလတိုင်း မယုံကြပါနဲ့လို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *