April 27, 2024

၃၁- ၁၂- ၂၀၂၂
Written By Thandar

ချစ်သူ သက်တမ်း ဆယ်စုနှစ်တစ်ခုကျော် လက်တွဲခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ အဆိုတော် Bobby Soxer တို့ရဲ့  ချစ်ခရီးလမ်းကိုတော့ နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြောင်း တရားဝင်အသိပေးခဲ့ပါတယ်။

တရားဝင်ပြတ်စဲကြောင်းကိုတော့ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက ပရိသတ်အားလုံးကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ တေးသီချင်းတွေကို စိတ်တူကိုယ်တူ ဖန်တီးရင်းနဲ့ လက်တွဲခဲ့တာ ချစ်သူ သက်တမ်းကတော့ ၁၃ နှစ်ကျော် ရှိခဲ့ပြီး ဖြစ်ပါတယ်။

“ကျွန်တော်တို့ အသိပေးကြေညာစရာလေးတစ်ခု ရှိလို့ပါ၊ ကျွန်တော်နဲ့ထက်တို့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ၊ ထွေထွေထူးထူးပြဿနာမျိုးတွေထက် ဘဝရဲ့ ဦးစားပေးရတဲ့အရာတွေ ရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေမတူခဲ့လို့ ပါလို့ပဲ ရှင်းပြပါရစေ။

ဘယ်သူဘက်ကမှ မှန်တယ် မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့ လည်း တကယ်ကို တစ်ယောက်အပေါ် တစ်ယောက် အမုန်းတရားမရှိတဲ့ လမ်းခွဲမှုတခုပါ။

တစ်ခုပဲတောင်းဆိုချင်တာကလေ၊ အခုချိန် အားလုံးမှာလည်း အခက်အခဲကိုယ်စီ၊ ပူဆွေးမှု ကိုယ်စီမို့ ဒီကိစ္စကို အကျယ်အကျယ်တွေမချဲ့ဖို့ လေးပါပဲ သာမန်အတွဲတွေလိုပဲ ကြိုးစား ဖြတ်သန်းနေရင်း ကွဲကွာသွားကြတယ်လို့ပဲ မြင်ပေးစေချင်ပါတယ်။ တကယ်အလေးအနက်ပြောတာပါ။

အထူးသဖြင့် ထင်ရာကောက်ချက်ချပြီးလိုရာ ဆွဲရေးတဲ့ သို့လောသို့လောသတင်းတွေကြောင့် မလိုအပ်ပဲ တယောက် အပေါ် တယောက် ထိခိုက်နစ်နာစေလိုစိတ် မရှိတာမို့ ချဲ့ကားမရေးပဲ ဒီတိုင်းလေးပဲ အသိပေးတဲ့စာလေးလို့ပဲ မြင်ပေးပါလို့၊ ကျွန်တော်တို့ တောင်းဆိုတာလေးကို နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ဗျာ”လို့ သူတို့ရဲ့လူမူကွန်ယက် စာမျက်နှာတွေမှာ ရေးသားထားပါတယ် ။

လွှမ်းပိုင်နဲ့ အဆိုတော် Bobby Soxer တို့ရဲ့ လမ်းခွဲပြတ်စဲလိုက်ကြတာနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းတချို့ ကလည်း စိတ်မကောင်းဖြစ်နေကြတဲ့သူတွေ ရှိသလို ဝေဖန်မူတချို့လည်း မြင့်တက်နေတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *