March 28, 2024

၃၁. ၁၂. ၂၀၂၂

Translated by Htwe Ko Tun

ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့တစ်မြို့ ဖြစ်သော ပွိင်ပက်မြို့တွင် အထပ် ၁၇ ထပ်ရှိ Grand Diamond City ကာစီနိုအဆောက်အအုံ၌ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်အစောပိုင်းနာရီများက မီးလောင်ကျွမ်းခဲ့မှုအတွင်း သေဆုံးရသူဦးရေမှာ ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းအထိ ၂၇ ဦး ရှိသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူများကပြောခဲ့ကြသည်။ ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ၁၁၂ ဦးအနက် ၈၅ ဦးမှာ ဆေးရုံမှဆင်းသွားကြပြီး ၂၇ ဦးမှာ ဆေးရုံများတွင် ကျန်ရှိနေကြသေးကြောင်းလည်း ၎င်းတို့ကပြောခဲ့သည်။

ပွိင်ပက်မြို့တွင် ကာစီနိုရုံ တစ်ဒါဇင်ကျော်ခန့်ရှိပြီး Grand Diamond City ကာစီနိ က ထိုင်းနိုင်ငံနှင့် နယ်စပ်စစ်ဆေးရေးဂိတ်မှ အနည်းငယ်သာလမ်းလျှောက်ရကာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ ကားဖြင့် လေးနာရီသာ ကြာသည်ဟု လောင်းကစားသူများ အကြားလူသိများသည်။

ကာစီနိုကစားခြင်းကို ထိုင်းနိုင်ငံတွင် တရားမဝင်လောင်းကစားခြင်းအဖြစ် သတ်မှတ်ထားရာ ထိုင်းနိုင်ငံသားအများအပြားမှာ ကမ္ဘောဒီးယားကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်လောင်းကစားလေ့ရှိကြသည်။ ထို့ကြောင့်လည်း သေဆုံးရသူများအနက် ဒီဇင်ဘာလ ၃၀ ရက်အထိ ၂၇ ဦးရှာဖွေတွေ့ရှိထားရာတွင် ထိုင်းနိုင်ငံသားအများစုဖြစ်ကြောင်းလည်း သတင်းများကဆိုသည်။ နှစ်ဆယ်ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း သိရသည်။

Grand Diamond City ကာစီနိုအဆောက်အအုံနှင့် ဟိုတယ်ဝင်းအတွင်း မီးလောင်သည့်ညက အလုပ်သမားနှင့် လာရောက်ကစားသူ ၄၀၀ ခန့် ရှိသည်ဟု ဆိုသည်။ ၎င်းတို့အနက် မီးလောင်စဉ် မည်မျှခန့် ဘေးအန္တရာယ်ကင်းစွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြကြောင်း အတိအကျမပြောနိုင်သေးပေ။
Ref—-ABC

Leave a Reply

Your email address will not be published. Required fields are marked *