April 24, 2024

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၉)ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဥ်။

၃၁. ၁၂. ၂၀၂၂

Written by Ye Kyaw

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ မြေခွန်တော်ကောက်ခံမှုသည် အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများအတွက် ပေးဆောင်နိုင်သည့် ပမာဏမျှသာဖြစ်၍ ပေးဆောင်ရန်ပျက်ကွက်သူများကို ဖော်ထုတ်အရေးအယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၉)ကြိမ်မြောက် အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်အသုံးပြုခြင်းအတွက် ကောက်ခံသည့် မြေခွန်တော်အနေဖြင့် တစ်ဧကလျှင် နှစ်ရှည်သီးနှံ စိုက်ပျိုးရေးအတွက် ကျပ် ၃,၀၀၀၊ ဥယျာဉ်ခြံသီးနှံအတွက် ကျပ် ၂,၀၀၀၊ ရာသီ သီးနှံအတွက် ကျပ် ၁,၀၀၀၊ မွေးမြူရေးလုပ်ငန်းတွင် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူခြင်းအတွက် ကျပ် ၃,၀၀၀၊ အခြားတိရစ္ဆာန် မွေးမြူပါက ကျပ် ၁,၀၀၀၊ ဓာတ်သတ္တုအပါအဝင် အခြားလုပ်ငန်းများအတွက် ကျပ် ၅,၀၀၀ မျှသာ သတ်မှတ်ကောက်ခံလျက်ရှိသည်။

အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများအတွက် အလွယ်တကူ ပေးဆောင်နိုင်သည့် ပမာဏမျှသာဖြစ်၍ မြေခွန်တော်များကို နှစ်စဉ်အချိန်မီ ပေးဆောင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းနှင့် မြေခွန်တော်ပေးဆောင်ရန် ပျက်ကွက်သူများကိုလည်း ဖော်ထုတ်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

အဆိုပါမြေများအား အမှန်တကယ်စီးပွားဖြစ် လုပ်ကိုင်လိုသူများ၊ တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများ၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများအတွက် တစ်ဧကအတွက် အာမခံကြေး ၁၀,၀၀၀ ကျပ် ပေးသွင်းရပြီး လုပ်ငန်းတည်ငြိမ်ပြီးစီးခဲ့ပါက ယင်းပေးသွင်းငွေကို ပြန်လည်ထုတ်ပေးထားသဖြင့် မြေတန်ဖိုးကုန်ကျရန်မရှိဘဲ မြေပိုင်ဆိုင်မှုရရှိထားခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ‌ ရေးဗဟိုကော်မတီမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်း ရပ်အသီးသီးအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဧက ၁၉၀၀၀၀ ကျော် ခွင့်ပြုထားရှိခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စီမံခန့်ခွဲရေး ကော်မတီများမှ ခွင့်ပြုဧရိယာဧက ၂၃၀,၀၀၀ ကျော် စုစုပေါင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ခွင့်ပြုဧရိယာဧက ၄၃၀,၀၀၀ ကျော် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးခဲ့ပြီး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News