၂၅.၅.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ ကသောင်းကနင်း အခြေအနေတစ်ရပ်ဖြစ်ပေါ်နေစဉ်မှာ လက်ရှိဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်အဖို့လည်း ဆက်လက်အာဏာတည်မြဲမှု ရှိနိုင်ပါ့မလား မရေရာဖြစ်နေရတာနဲ့အတူ နိုင်ငံရေးအကဲဖြတ်တွေကလည်း တကယ်လို့များ လက်ရှိဝန်ကြီးချုပ်ဖယ်ရှားခံရရင် ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ် ဘယ်သူဖြစ်လာနိုင်မလဲဆိုတဲ့အချက်အပါအဝင် ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ အနာဂတ်ကို မှန်းဆနေကြပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ အရင်ထောင်ဒဏ်ခြောက်လကျခဲ့ဖူးတဲ့ ပီချစ်ချွန်ဘန်ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်မှုက နိုင်ငံ ရေးဆိုင်ရာကျင့်ဝတ်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဝန်ကြီးချုပ်ဆရက်သာကို ရာထူးမှဖယ်ရှားဖို့ အထက်လွှတ် တော်အမတ် ၄၀ က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တောင်းဆိုရာကနေ ဒီအခြေအနေဖြစ်ပေါ်လာခဲ့ရခြင်းပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ တရားသူကြီး ကိုးဦးအနက် ခြောက်ဦးက အထက်လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုလွှာကိုလက်ခံဖို့ မေလ ၂၄ ရက်က သဘောတူခဲ့ကြပါတယ်။ ခုံရုံးက ဆရက်သာကို ဝန်ကြီးချုပ် တာဝန်မှဆိုင်းငံ့ခြင်းမျိုးမလုပ်ခဲ့ပေမယ့် သူ့အနေနဲ့ တရားဝင်ရေးသားဖြေရှင်းချက်တစ်ရပ်ကို ဇွန်လ ၇ ရက်မှာ ခုံရုံးသို့တင်သွင်းရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေနဲ့ နောက်ဆုံးဆုံးဖြတ်ချက်မချခင် နှစ်လမှသုံးလအထိ သေချာစွာ စဉ်းစားချင့်ချိန်ရလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

တကယ်လို့များ ဆရက်သာကို ဝန်ကြီးချုပ်ရာထူးကဖယ်ရှားခံရပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်က နောက်ဝန်ကြီးချုပ်အသစ်ကို ၂၀၂၃ ခုနှစ်အတွင်း နောက်ဆုံးရွေးကောက်ပွဲမှာ ပါတီတွေက ဝန်ကြီးချုပ်နေရာ အဆိုပြုတင်သွင်းထားသူတွေအထဲကနေ ပြန်လည်ရွေးချယ်ရမှာပါ။ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမယ့်သူက အောက်လွှတ်တော်အမတ် ၅၀၀ အနက် အနည်းဆုံး ၂၅၀ ရဲ့ထောက်ခံမှုကို ရရှိရမှာပါ။

ဒီပြဌာန်းချက်အရ ၂၀၂၃ ခုနှစ် ဝန်ကြီးချုပ်ရွေးချယ်စဉ်က နိုင်ငံရေးပါတီခြောက်ပါတီက အဆိုပြုခဲ့သူတွေကိုပြန်လည်သုံးသပ်ရမှာပါ။ အောက်လွှတ်တော်မှာ အမတ်နေရာ ၁၄၁ နေရာရှိတဲ့ ဖျူထိုင်းပါတီက ထိုစဉ်က ဆရက်သာ၊ ပေတုံတန် သက်ဆင်နဲ့ ချိုင်ကာဆမ် နျူသီဆရိတို့ သုံးဦးကို အမည်တင်သွင်းခဲ့တာပါ။ လက်ရှိမှာတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးလည်းဖြစ်တဲ့ ပေတုံတန်က တရားရေးဝန်ကြီဟောင်းနဲ့ ပါတီရဲ့နိုင်ငံရေးမဟာဗျူဟာအကြီးအကဲ ချိုင်ကာဆမ်ထက် ဝန်ကြီးချုပ်အသစ်ဖြစ်ဖို့ ပိုလို့အခွင့်အရေးရှိတယ်လို့ သုံးသပ်ကြပါတယ်။

အမတ်နေရာ ၁၅၁ နေရာအထိရထားတဲ့ Move Forward Party ကတော့ ပီတာလင်ဂျာရွန်ရတ် တစ်ယောက်တည်းကို ထိုစဉ်က အဆိုပြုခဲ့တာပါ။ ပါတီအနေနဲ့ တော်ဝင်မိသားစုတွေကိုစော်ကားသူများအား ပြစ်ဒဏ်ပေးအရေးယူတဲ့ဥပဒေကို ပြင်ဆင်ဖျက်သိမ်းနိုင်ဖို့လုံးပန်းနေတာနဲ့ ပီတာအနေနဲ့လည်း ဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်နည်းပါးလှတယ်လို့ ဆိုပါတယ်။

ကျန်ပါတီလေးခုမှ ဝန်ကြီးချုပ်နေရာအဆိုပြုခဲ့သူ ငါးဦးမှာလည်း အလားအလာမကောင်းတာရယ်၊ လုံလောက်တဲ့ထောက်ခံမဲမရနိုင်တာတွေရယ်ကြောင့် တကယ်လို့များ ဝန်ကြီးချုပ်အသစ်ရွေးခဲ့ရရင် ဖျူထိုင်းပါတီမှ ပေတုံတန်သက်ဆင်နဲ့ ချိုင်ကာဆမ် နျူသီဆရိတို့နှစ်ဦးအနက် တစ်ဦးကသာ အနိုင်ရရှိပြီး ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ်လို့ နိုင်ငံရေးအကဲဖြတ်များက ခန့်မှန်းထားကြပါတယ်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *