၅.၁၂.၂၀၂၅
Written By Min Thet
KNU/KNLA နှင့် PDF များအပါအဝင် လက်နက်ကိုင်ပေါင်းစုံကြီးစိုးထားသော ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်က အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှု ယနေ့ဖြစ်ပွားရာတွင် ဆိုင်ရှင် မိသားစုဝင်သုံးဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဓားပြတိုက်ခံရသည့် နေရာမှာ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြေနီကုန်းတွင်တည်ရှိသည့် ဒေါနမြေအိမ်ဆောက်ပစ္စည်းဆိုင်ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများမှာ ဒေါနမြေအိမ်ဆောက်ပစ္စည်းဆိုင်၏ ပိုင်ရှင် ဦးဝင်းအောင်နှင့် ဇနီး၊ အသက် ၁၂ နှစ်ခန့်အရွယ် သားငယ်တစ်ဦးတို့ ဖြစ်ကြောင်း၊ ဦးဝင်းအောင်ရရှိသည့် ဒဏ်ရာများမှာ ဦးခေါင်း၊ နောက်ကျောဘက် ခါးနေရာအနီးတွင်ဖြစ်ပြီး ဓားဖြင့် ခုတ်ခံရခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာပြင်းသည့်အတွက် မြဝတီမြို့ဆေးရုံတွင် ကုသမှု ခံယူစဉ် စိုးရိမ်ဒဏ်ရာဖြစ်၍ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေကြောင်း သိရသည်။
ဇနီးနှင့် သားဖြစ်သူတို့ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း၊လက်ရှိတွင် သက်ဆိုင်ရာက ပါဆုံးပစ္စည်းများနှင့် ကျူးလွန်သူများကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
“မနက် ၂ နာရီကျော်လောက်က ဖြစ်ခဲ့တာလို့ ပြောတယ်။ ဘယ်သူတွေဆိုတာတော့ မသိရသေးဘူးတဲ့။ရွှေတွေ၊ ငွေတွေ ယူသွားတာတဲ့။ ခုထိတော့ ဘာမှ မကြားတော့ဘူး။ မနက်ကပိုင်းတော့ ပွက်လောရိုက်နေကြတာ။ ဦးဝင်းအောင် က ပိုင်ရှင်။ အခုက မြဝတီဆေးရုံထောက်ခံချက်နဲ့ မဲဆောက်ဆေးရုံကို ပြောင်းပေးလိုက်ပြီ ”ဟု ဒေသခံတစ်ဦးက MT News ကို ယနေ့ ညနေပိုင်းက ပြောသည်။
