၅. ၁၂. ၂၀၂၅
Written By Min Thet
ထိုင်းနိုင်ငံတွင် ကြိုးတုပ်သတ်ဖြတ်ခံထားရသည့် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို အမှိုက်ပုံးထဲက တွေ့ရှိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်က ထိုင်းနိုင်ငံ၊ ကျန်ထဘူရီခရိုင်၊ နာယိုင်အန်မြို့နယ်၊ နာယိုင်အန်ကျေးရွာအနီး အမှိုက်ပုံးတစ်ခုထဲတွင် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမှိုက်ပုံးထဲက အပုပ်နံ့ရသောကြောင့် ဒေသခံများက သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့သည့်အတွက် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ရာ အဆိုပါ မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ပုပ်ပွလျက် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





ရုပ်အလောင်းကို တွေ့ရှိရာတွင် အမှိုက်ပုံးအတွင်း အဝတ်စများဖြင့် ၃ ထပ်ထုပ်ကာ စည်းနှောင်ထားသည့် ကြိုးတုပ်ထားသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ကိုးကား၍ ဒေသ တွင်း သတင်းများက ရေးသားကြသည်။
အဆိုပါ မြန်မာနိုင်ငံသားမှာ တစ်ခြားတစ်နေရာတွင် သတ်ဖြတ်ခံရကာ အမှိုက်ပုံးတွင် လာရောက်စွန့်ပစ်ခြင်းဖြစ်နိုင်ကြောင်းနှင့် သတ်ဖြတ်ခံထားရသည့် အချိန် တစ်ပတ်ခန့် ရှိမည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားကြောင်း သိရသည်။
ယခုအခါ ရဲတပ်ဖွဲ့က သေဆုံးသည့် မြန်မာနိုင်ငံသားနှင့် ပတ်သက်၍ မြန်မာအလုပ်သမားတစ်ဦး ပျောက်ဆုံးနေကြောင်း အကြောင်းကြားလာသည့် လုပ်ငန်းရှင်အား ဆက်သွယ်အကြောင်းကြားထားကြောင်းနှင့် သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူတရားခံကို ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေကြကြောင်း သိရသည်။
