◾️ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်
◾️ တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိနေကြောင်းပါ ပြောကြား
၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတော်ကို ဦးဆောင်မည့် အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခုဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည်။
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်နှင့် ခေတ်ကာလ၏ တောင်းဆိုချက်များအရ နိုင်ငံတော်နှင့် ပြည်သူအများစု၏ လိုအင်ဆန္ဒပန်းတိုင်သည် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်ကို အမြန်ဆုံးရောက်ရှိရန် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးသည့်အတွက် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်မှ မယိမ်းယိုင်သွားအောင် တပ်မတော်က ထိန်းကျောင်းပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။




ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ ပြင်ဆင်လုပ်ကိုင်ပေးလျက်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးကို အားပေးထောက်ခံပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။




ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတော်ကို ဦးဆောင်မည့် အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခုဖြစ်သဖြင့် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုသကဲ့သို့ ပြည်သူများရွေးချယ်ပေးမည့် ကိုယ်စားလှယ်များသည် အရည်အချင်းရှိသူများ ဖြစ်ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ပြည်သူ့ ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာ၍ ဆန္ဒမဲပေးမှုနှင့် ပတ်သက်ပြီး မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
