၈.၅.၂၀၂၄
Written by ZUN

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရန် အားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရေးအတွက် လက်လှမ်းမီသော အစုအဖွဲ့များနှင့် တစ်ဆင့်ချင်းလုပ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (ဦးဆောင်အဖွဲ့ -7 EAO Alliance )ထံက သိရသည်။

မေလ (၇) ရက်မှ ယနေ့ မေလ (၈) ရက်အထိ ၂ ရက်တာ ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့၊ (၁/၂၀၂၄) ဦးဆောင်အဖွဲ့ အနေဖြင့် Video Conferencing ဖြင့် ပြုလုပ်သည့် ပထမအကြိမ် အစည်းအဝေးအပြီးတွင် ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်ကMT News ကို အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“လက်ရှိကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံးအကျပ်အတည်းအခက်အခဲကို ကျော်လွှားမယ်ဆိုရင် သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက မဖြစ်မနေလိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ယုံကြည်တဲ့အတွက်ကြောင့် ကျွန်တော်တို့(၇)ဖွဲ့အနေနဲ့ ကိုယ်နဲ့လက်လှမ်းမီတဲ့အစုအဖွဲ့တွေကနေစပြီးတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်းသွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

EAO(၇)ဖွဲ့အနေဖြင့် လက်ရှိနိုင်ငံရေးဆွေးနွေးမှုမရှိသလောက်နည်းပါးနေချိန်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု များ ပြန်လည်နိုးကြားလာစေရန် သက်ဆိုင်ရာအစုအဖွဲ့များနှင့် အလျဉ်းသင့်သလိုကြိုးပမ်းဆောင်ရွက်သွားမည့်ကိစ္စကို အစည်းအဝးအတွင်း အဓိကဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ မကြုံစဖူးစစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဘောင်က ပိတ်လုပိတ်ခင် ကျဉ်းမြောင်းနေတဲ့ဘောင်တစ်ခုအောက်မှာ အနာဂတ်မှာ ကျွန်တော်တို့လုပ်မယ့် တွေ့ဆုံဆွေးနွေးမှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ အစီအစဉ်တွေဘယ်လိုရှိသလဲ၊ ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်နေ့ဘယ်ရက် လုပ်နိုင်မလဲဆိုတာတော့ ပြောဖို့ စောပါသေးတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ပြောသည်။

ယင်းအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဖြစ်သော RCSS ၊ NMSP ၊ PNLO ၊ DKBA ၊ KNU/KNLA-PC ၊ ALP ၊ LDU မှ တာဝန်ရှိသူများနှင့် ဦးမျိုးဝင်း (ABSDF) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲပြောလိုက်မယ်ဆိုရင် အများကြီးနားထောင်လို့ သိပ်မကောင်းဘူးပေါ့နော်။ အမြင်တွေရှု‌ထောင့်တွေက အမျိုးမျိုးရှိတာကိုး။ ဒီအချိန်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလို့ပြောလိုက်ရင် ဘယ်လိုလဲ။ သိပ်ပြီးတော့ အကောင်းမြင်တဲ့သူက တော်တော်လေးရှားပါးတဲ့အချိန်လေ။ ဒါကလည်း ကျွန်တော်တို့နားလည်ပေးရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဖြတ်ကျော်နေရတဲ့ နိုင်ငံရေးအခင်းအကျင်းက ဘယ်ခေတ်၊ ဘယ်အချိန်အခါ၊ ဘယ်အစိုးရလက်ထက်မှာမှ တစ်ခါမှမကြုံဖူးတဲ့ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းကာလတစ်ခုကို ဖြတ်ကျော်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိနေမှုတွေကတော့ အမြင်တွေအမျိုးမျိုးရှိကြမယ်။ အားမလိုအားမရတာတွေ၊ လက်တွေ့ကျ၊ မကျ သုံးသပ်နေတဲ့ကာလမို့လို့ ဒီအတွက်နားလည်ပေးရမယ်။ သို့သော်လည်းကျွန်တော်တို့အနေနဲ့ နားလည်မှုယူထားပြီးသားအချက်တွေလည်းရှိတယ်ဆိုတာကို အကောင်းလို့ပဲပြောရမလားပေါ့။ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်ဝက်ကျော်ဖြစ်ပေါ်ခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခလို့ပဲပြောရမလား၊ ပြည်တွင်းစစ်ပဲပြောမလား။ ဒါကို ကျွန်တော်တို့ အပြီးသတ်ချုပ်ငြိမ်းချင်ပြီဆိုတာက အားလုံးရဲ့အာသီသထဲမှာရှိတယ်။ လိုလည်းလိုချင်တယ်။ နောက်တစ်ချက်တူညီတာက ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်ဝက်ကျော်ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့အရင်းခံအကြောင်းတရားက ဒါဟာနိုင်ငံရေး ပြဿနာ ဖြစ်တယ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ပဲ ဖြေရှင်းရမယ်ဆိုတာလည်း နဂိုရည်မှန်းချက်ထဲက အချက်တစ်ချက် ဖြစ်ပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ မလုပ်နိုင် မကိုင်နိုင်၊လုပ်တာကိုင်တာတောင်မှ လုပ်နည်းကိုင်နည်းမတူတဲ့ကာလ တစ်ခုကိုလည်း လက်ခံပေးရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်တွင်းစစ်ကို အပြီးသတ်ချုပ်ငြိမ်းပြီးတော့ နောင်လာနောက်သားတွေအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတဲ့အမွေကောင်းတစ်ခုကို ချန်ထားခဲ့ချင်တယ်”ဟုလည်း ယင်းက ဆိုသည်။

ပြီးခဲ့သော မတ်လ ၁၇ ရက်နှင့် ၁၈ တို့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (7(7 NCA-S EAO Summit)ကို ကျင်းပခဲ့ကြသေးသည်။

ယင်း အစည်းအဝေးတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance -7 EAO Alliance) ကို ဖွဲ့စည်းခဲ့ကာ လျင်မြန်စွာဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို အကျေအလည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေးနွေးချက်များထဲတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်သွားရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည် ဆောက်သွားရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ဖော်ထုတ်ရန်၊ လူထု၏သဘောထားများဖော်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်း၊ လက်ရှိပဋိပက္ခကိုဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန် စသည့် နိုင်ငံရေးသဘောထားများကို ချမှတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အချက်တို့ကို အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွဲ့ခေါင်းဆောင် ၊ နိုင်အောင်မင်းက ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ ဗိုလ်မှူးကြီး စိုင်းငင်းက အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်က တွဲဘက်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် နိုင်အောင်မငေး၊ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ ကျာယာကုပ်၊ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်၊ PNLO တို့ကလည်းကောင်း တာဝန်အသီးသီးထမ်းဆောင်ကြရန်နှင့် ဦးမျိုးဝင်းက Coordinator အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

7 EAO Alliance အနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည်ထိ အားထုတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *