၈.၅.၂၀၂၄
Translated by Htwe Ko Tun

တရုတ်သိပ္ပံပညာရှင်တွေက လီသီယမ်ဘတ္ထရီတွေထက် စွမ်းအင်နှစ်ဆခန့် ပိုမိုသိုလှောင်ပေးနိုင်ပြီး လျှပ်စစ်ကားတွေအတွက်ပါ အသုံးပြုနိုင်မယ့် ရေပါဝင်တဲ့ ဘတ္ထရီတွေကို စတင်တွေ့ရှိထားပြီလို့ အဆိုပါ သိပ္ပံပညာရှင်တွေအဖွဲ့က ပြောခဲ့ပါတယ်။

အိုင်အိုဒင်းနဲ့ဘရိုမင်းရည်တို့ကို အခြေခံထုတ်လုပ်တဲ့ ရေဘတ္ထရီက တစ်လီတာမှာ လျှပ်စစ်ဓာတ်အား ၁,၂၀၀ ဝပ်နာရီ အထိ သိုလှောင်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လျှပ်စစ်ဓာတ်အား ၇၀၀ ဝပ်နာရီ သိုလှောင်နိုင်တဲ့ လီသီယမ်ဘတ္ထရီတွေထက် များစွာသာလွန်တယ်လို့ တရုတ်သိပ္ပံပညာကျောင်း (CAS) မှ သိပ္ပံပညာရှင်အသင်းက ဧပြီလ ၂၃ ရက်မှာ Nature Energy စာစောင်မှာ ရေးသားခဲ့ကြပါတယ်။ အဆိုပါ ရေနဲ့ ပြုလုပ်တဲ့ ရေဘတ္ထရီက မီးလောင်လွယ်တဲ့ လီသီယမ်ဘတ္ထရီတွေထက် လုံခြုံစိတ်ချရမှု များစွာမြင့်မားတယ်လို့လည်း သိရပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အခုတွေ့ရှိမှုက စွမ်းအားမြင့်ဘတ္ထရီမျိုးဆက်သစ်တွေပေါ်ထွက်လာဖို့နဲ့ လုံခြုံ စိတ်ချရမှုရှိကာ ရေကို အခြေခံပြုလုပ်ပြီး ဓာတ်အားပြန်လည်ဖြည့်သွင်းနိုင်တဲ့ ဘတ္ထရီတွေ တီထွင် ဖန်တီးနိုင်ဖို့ အလားအလာကောင်းဖြစ်တယ်လို့ ရေးသားခဲ့ကြပါတယ်။

CAS ကျောင်းရဲ့ဓာတုရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လီရှင့်ဖန်ကလည်း အခုတွေ့ရှိချက်တွေက ဘတ္ထရီ ထုတ်လုပ်မှုနယ်ပယ်မှာ ရေဘတ္ထရီတွေ ထုတ်လုပ်အသုံးချမှု ကျယ်ပြန့်လာစေမယ်လို့ ဆိုခဲ့ပါတယ်။ လီသီယမ်ဘတ္ထရီတွေက သူတို့ရဲ့ လျှပ်စစ်ဓာတ်အားမြင့်မားစွာသိုလှောင်နိုင်မှုကြောင့် ကမ္ဘာတစ်ဝန်း တွင်ကျယ်စွာအသုံးပြုနေကြပါတယ်။ ပုံမှန် လီသီယမ်ဘတ္ထရီတွေမှာ လျှပ်လိုက်ရည်လို့ခေါ်တဲ့ လျှပ်စစ်စီးဝင်နိုင်တဲ့အရည် မပါဝင်ပါဘူး။ လီသီယမ်က ဘတ္ထရီကို အားသွင်းဖို့နဲ့ အားပြန်လည်ထုတ်ပေးဖို့ဆောင်ရွက်ပေးပါတယ်။ ဒါပေမယ့် သူက မီးလောင်လွယ်နိုင်မှု မြင့်မားပါတယ်။

ရေဘတ္ထရီတွေမှာတော့ ရေကိုအခြေခံတဲ့ လျှပ်လိုက်ရည်နဲ့ပြုလုပ်ထားလို့ လီသီယမ်ဘတ္ထရီလို လုံခြုံစိတ်ချရမှုအတွက် ဘေးအန္တရာယ်တွေ မရှိနိုင်ပါဘူး။ ရေဘတ္ထရီတွေရဲ့ လျှပ်စစ်ဓာတ်အားပါဝင်နိုင်မှု သိပ်သည်းဆကလည်း အလွန်နိမ့်ကျပါတယ်။ ဒီလို လျှပ်စစ်ဓာတ်အားသိပ်သည်းဆနိမ့်ကျမှုက ရေဘတ္ထရီတွေမှာ လျှပ်စစ်ဓာတ်အားကို ပိုမိုသိုလှောင်နိုင်စွမ်းရှိစေတာဖြစ်ပါတယ်။

စွမ်းအင်သိပ်သည်းဆပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ သိပ္ပံပညာရှင်တွေက အိုင်အိုဒင်းနဲ့ ဘရိုမင်းအရည်တွေကို အခြေခံတဲ့ လျှပ်လိုက်ရည်ကို ရေဘတ္ထရီတွေမှာ အသုံးပြုစမ်းသပ်ခဲ့တာလို့ သိရပါတယ်။

ဒီအတွက်လည်း စမ်းသပ်တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေက သူတို့တွေ့ရှိခဲ့တဲ့ ရေဘတ္ထရီက လျှပ်စစ်စွမ်းအင်သိပ်သည်းဆမြင့်မားကာ လျှပ်စစ်ဓာတ်အားကို လက်ရှိအသုံးပြုနေတဲ့လီသီယမ်ဘတ္ထရီတွေထက် ပိုမိုသိုလှောင်နိုင်ပြီး လုံခြုံစိတ်ချရမှုများစွာမြင့်မားတဲ့ မျိုးဆက်သစ် အားပြန်လည်ဖြည့်နိုင်သော ဘတ္ထရ်ီဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။

Ref-SCMP

Leave a Reply

Your email address will not be published. Required fields are marked *

Related News