၈. ၅. ၂၀၂၄
Written by Ye Kyaw

နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်အထိ ရရှိစေရန်ရည်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MT News သို့ ပြောကြားသည်။

“၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ဆန်/ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့နိုင်ဖို့နဲ့ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၅ သန်း (ဒေါ်လာ ၁ ဒသမ ၁၅၅ ဘီလျံ)ရရှိဖို့ ရည်မှန်းချက်ထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပုဂ္ဂလိကကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်အတွက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျာထားချက်ပြည့်မီစေရေးအတွက် အစိုးရကဏ္ဍမှ ကူညီပံ့ပိုးပေးခြင်း၊ နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ကြိုက်နှစ်သက်သော မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် Export Zone များ သတ်မှတ်ဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ထို့ပြင် ပြည်တွင်း ဈေးကွက်၊ ဈေးနှုန်းများ၊ တည်ငြိမ်မှန်ကန်စေရန်အတွက် အစိုးရ-ပုဂ္ဂလိက ထိန်းကျောင်းဆောင်ရွက်ပေးခြင်း၊ ဆန်စပါးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားသော ဆန်စပါးအထူးပြုကုမ္ပဏီများ၏ Supply Chain၊ Value Chain လုပ်ငန်းများကို အားပေးကူညီခြင်းနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၏ ကန်ထရိုက်လယ်ယာဆောင်ရွက်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံချက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလအထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တစ်လလျှင် တန်ချိန်သောင်းဂဏန်းမျှသာ တင်ပို့နိုင်ခဲ့၍ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တန်ချိန် ၁ ဒသမ ၆ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ‌ဒေါ်လာ ၈၄၅ သန်းကျော်သာရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်တင်ပို့မှုပမာဏထက် ရာခိုင်နှုန်း ၃၀ ကျော် ထပ်မံတိုးမြှင့်လျာထားခဲ့ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း လစဉ်ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျာထားချက်အနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် ဧပြီလမှ ဇွန်လအထိ တစ်လလျှင် တန်ချိန် ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ကြားတင်ပို့နိုင်ရန်၊ ပို့ကုန်တင်ပို့မှုနည်းသော မိုးရာသီဖြစ်သည့် ဇူလိုင်လမှ အောက်တိုဘာလအတွင်း တန်ချိန် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ကြားနှင့် နိုဝင်ဘာမှ မတ်လအတွင်း တစ်လလျှင် တန်ချိန် ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ကြား တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *