၆.၁၁.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းစစ်ပွဲသည် ဖြေရှင်းပြီးစီးရန် နီးကပ်နေပြီဖြစ်ကြောင်းနှင့် ၎င်းစစ်ပွဲကို အဆုံးသတ်ရေးတွင် ဥရောပတစ်ခုလုံး ပါဝင်ပတ်သက်လာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က နိုဝင်ဘာလ ၅ ရက်တွင် ပြောကြားလိုက်ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ရုရှားနိုင်ငံနှင့် အလွန်ကြီးမားသော သဘောတူညီချက်တစ်ခုရရှိရေး လုပ်ဆောင်နေကြောင်း ထရမ့်ပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အထူးကိုယ်စားလှယ် ကီရီလ် ဒီမီထရီယက်ဗ်နှင့် ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေးပြီးနောက် ထရမ့်ပ်က ယခုကဲ့သို့ မှတ်ချက်ပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သတင်းထောက်များနှင့် ပြောဆိုရာ၌ သမ္မတက ရုရှား-ယူကရိန်းစစ်ပွဲသည် ဖြေရှင်းပြီးစီးရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်းနှင့် စစ်ပွဲကို အဆုံးသတ်ရေးတွင် ဥရောပတစ်ခုလုံး ပါဝင်လာနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
“ကျွန်တော် ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ ပြောပြလို့မရပါဘူး။ ဒါပေမဲ့ တစ်ခုပြောနိုင်တာကတော့ သဘောတူညီချက်တစ်ခု ရလာလိမ့်မယ်၊ အဲဒါကလည်း အလွန်ကြီးမားတဲ့ သဘောတူညီချက်တစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အိမ်ဖြူတော်ရှိ သမ္မတရုံးခန်း တွင် ထရမ့်ပ်က ပြောကြားခဲ့သည်။
“ဒါက အလွန်ကြီးမားပါလိမ့်မယ်။ ယူကရိန်းထက် ပိုပြီး ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေ ပါဝင်လာနိုင်သလို ဥရောပတစ်ခုလုံးနဲ့တောင် သက်ဆိုင်လာနိုင်ပါတယ်။ ဒါဟာ ကြီးမားပြီး ကောင်းမွန်လှပတဲ့ သဘောတူညီချက်တစ်ခု ဖြစ်လာမှာဖြစ်ပြီး လူတိုင်းဝမ်းမြောက်ကျေနပ်ကြပါလိမ့်မယ်။”ဟုပါ ဆက်လက်ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၅ ရက်က အိမ်ဖြူတော်သို့ ရောက်ရှိနေခဲ့ကြသည့် ယူကရိန်းအရာရှိများနှင့်မူ မိမိ မတွေ့ဆုံခဲ့ရသေးကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရမ့်ပ်၏ သားမက်ဖြစ်သူနှင့် အမေရိကန်အထူး ကိုယ်စားလှယ် ဂျာရက် ကုရှ်နာတို့က အမေရိကန်၊ နေတိုးနှင့် ဥရောပ မိတ်ဖက်နိုင်ငံများသည် နိုဝင်ဘာလ ၅ ရက်တွင် ယူကရိန်းစစ်ပွဲ ဖြေရှင်းရေးနှင့် ပတ်သက်၍ အကျိုးရှိပြီး အနှစ်သာရရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အနာဂတ် ပဋိပက္ခဖြစ်ပွားနိုင်ခြေကို လျှော့ချပေးမည့် လက်တွေ့ကျပြီး နှစ်ဦးနှစ်ဖက် သဘောတူညီထားသော စီစဉ်ဆောင်ရွက်မှုများမှတစ်ဆင့် နှစ်ဖက်စလုံး၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန်ဖြစ်သည်”ဟု ထရမ့်ပ်က လူမှုကွန်ရက် X တွင် ရေးသားဖော်ပြခဲ့သည်။ လာမည့်အပတ်တွင် အဘူဒါဘီမြို့၌ ကျင်းပမည့် ယူကရိန်းနှင့် ရုရှားတို့ ပါဝင်မည့် ဆွေးနွေးပွဲများမတိုင်မီ ဤသို့ ရေးသားခဲ့ခြင်းဖြစ်သည်။
သမ္မတသက်တမ်းကို ဒုတိယအကြိမ် စတင်တာဝန်မယူခင်ကပင် ထရမ့်ပ်က ယူကရိန်း ပဋိပက္ခများ မကြာမီ အဆုံးသတ်သွားလိမ့်မည်ဟု ဤကဲ့သို့သော ကတိမျိုး ပေးထားခဲ့ပြီး သမ္မတဖြစ်လာပါက စစ်ပွဲကို တစ်ရက်တည်းနှင့် အဆုံးသတ်ပေးမည်ဟု ပြောကြားခဲ့ခြင်းမှာလည်း လူသိများထင်ရှားသည်။
စစ်ဒဏ်ခံစားနေရသည့် အိုလက်ရှ်ကီးမြို့၌ မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ရရှိလာစေရန် ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် သမ္မတကတော် မီလာနီယာ ထရမ့်ပ်၏ ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုအတွက် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်အဖွဲ့များသည် အိမ်ဖြူတော်သို့ နိုဝင်ဘာလ ၅ ရက်က ရောက်ရှိနေခဲ့ကြသည်။
ရုရှားသံတမန် ဒီမီထရီယက်ဗ်က အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ခြောက်ရက်ကြာ အပစ်အခတ်ရပ်စဲရေး ရရှိလာစေရန်အတွက် သမ္မတကတော် မီလာနီယာ ထရမ့်ပ်၏ ထူးခြားထင်ရှားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍအတွက် ကျေးဇူးတင်စကား ပြောခဲ့သည်။
ထို့အပြင် ပူတင် (Putin) ကိုယ်တိုင်က ဤလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ ပေးခဲ့ကြောင်းနှင့် မီလာနီယာ ထရမ့်ပ်ထံ ကျေးဇူးတင်စကား ပေးပို့လိုက်ကြောင်း ဒီမီထရီယက်ဗ်က ထပ်လောင်းပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) ၏ ပါတီမှ လွှတ်တော်အမတ်အဖွဲ့ ခေါင်းဆောင် ဒါဗစ် အာရာခါမီယာနှင့် ယူကရိန်းနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် ဒီမီထရို လူဘီနက်စ်တို့ကလည်း အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ကြသည်။
အာရာခါမီယာက သမ္မတကတော် အနေဖြင့် အံ့မခန်း လုပ်ဆောင်ချက်ကို ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းပြည်သူများကို ဆက်လက်ကူညီပေးသွားရန် တိုက်တွန်းအားပေးခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ခင်ဗျားကို ဆက်လက်လုပ်ဆောင်သွားဖို့၊ လုပ်ငန်းတာဝန်သစ်တွေ ရှာဖွေဖို့နဲ့ တင်းမာမှုတွေကို တတ်နိုင်သမျှ ပိုမိုလျှော့ချပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အာရာခါမီယာက ပြောကြားခဲ့သည်။
Ref: AP
