၈.၅.၂၀၂၄
Translated by Htwe Ko Tun

စင်ကာပူနိုင်ငံလေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးသည် မေလ ၈ ရက်မွန်းလွဲပိုင်းတွင် တန်ဂါလေတပ် အခြေစိုက်စခန်းမှ ပျံတက်အပြီး မကြာမီ၌ပင် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်လေယာဉ်က မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ကွင်းမှပျံတက်စဉ် ချို့ယွင်းမှုတစ်ရပ်ဖြစ်ခဲ့ကာ လေယာဉ်မှူးမှာမူ လေယာဉ်အတွင်းမှ အောင်မြင်စွာ ခုန်ထွက်နိုင်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်မှူးမှာ သတိရလျက်ရှိပြီး လမ်းလည်းလျှောက်နိုင်ကြောင်း၊ ၎င်းအားဆေးရုံတွင် ဆေးစစ်ဆေး ကုသမှုပြုနေကြောင်း ပြောခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် အခြားထိခိုက်ဒဏ်ရာရသူမရှိကြောင်းလည်း သိရသည်။

နောက်ဆုံးသတင်းများအရ လေယာဉ်မှူးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ကြောင်း သိရသည်။ ၎င်းအားကုသပေးသောဆရာဝန်က လေယာဉ်မှူးမှာ သူနာတင်ယာဉ်ဖြင့်ရောက်လာခဲ့ပြီး လမ်းလျှောက်နိုင်ကာ စကားလည်း ပြောနိုင်ကြောင်း၊ သို့သော် စစ်ဆေးမှုများပြီးသည်အထိ ဆေးရုံတွင်နေရမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနကမူ လေယာဉ်ပျက်ကျရသည့်အကြောင်းကို စုံစမ်းစစ်ဆေးမှုများပြုနေကြောင်း ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် F-16 လေယာဉ်များ တပ်တော်ဝင်အသုံးပြုခဲ့သည်မှာ နှစ် ၃၀ နီးပါးရှိပြီ ဖြစ်သည်။ F-16 လေယာဉ်တစ်စီးက ၂၀၀၄ ခုနှစ် မေလတွင်ပျက်ကျခဲ့ရာ လေယာဉ်မှူး နှစ်ဦးလုံး သေဆုံးခဲ့ရသေးသည်။ စင်ကာပူလေတပ်မှ F-16 လေယာဉ်များကို မကြာမီကပင် အဆင့်မြှင့်တင်ကာ ၂၀၃၀ ပြည့်လွန် အလယ်ပိုင်းနှစ်များအထိ တိုက်ပွဲဝင်စစ်ဆင်ရေး အသင့်ရှိစေရန်ဆောင်ရွက်ထားခဲ့ခြင်းဟုလည်းဆိုသည်။ စင်ကာပူလေတပ်တွင် F-16 လေယာဉ် ၅၉ စီးအထိရှိကြောင်း သိရသည်။

Ref, CNA

Leave a Reply

Your email address will not be published. Required fields are marked *