၈.၅. ၂၀၂၄
Written by Phyo Wei

ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း မီးလောင်မှုတွေကြောင့် ကျပ် ၁၈၇ ဘီလျံကျော်ဖိုးဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်စဥ်တွေ ဒီတစ်ပတ်မှာကြားခဲ့ရပါတယ်။ မီးလောင်မှုအများစုမှာ တန်ဖိုးတွေလျှော့တွက်တာနဲ့ ခန့်မှန်းတာသာဖြစ်တာ ဒီနှစ်ထဲမှာဆို လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ထိန်းချုပ်မှုလွတ်ကင်းသွားရာဒေသတွေက အိမ်အများအပြားနဲ့ စျေးတွေမီးလောင်တာကြောင့် ဆုံးရှုံးမှုတွေ ဒီထက်မကပိုများမယ်ဆိုတာ တွေးဆနိုင်သလို ဆက်ပြီးတော့လည်း ဆုံးရှုံးဦးမဲ့တိုက်ပွဲအခြေအနေတွေကြောင့် ပြည်သူတွေပဲ လူမှုစီးပွားဘဝပျက် ဆက်လက်ထိခိုက်ရမဲ့ဖြစ်စဥ်တွေက တွေးလေလေမွန်းကျပ်ရလေကာလပါ။

အခြားတစ်ဖက်မှာလည်း အာဏာအငြင်းပွားမှုစတင်ရာ ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန်ရငွေပြန်မဝင်တဲ့ကုမ္ပဏီ ၄၅၀ က ဒေါ်လာ သန်း ၄၆၀ ပြန်ဝင်ဖို့လိုအပ်နေတယ်ဆိုတာတွေ၊ ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နဲ့ ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ ရောင်းချမဲ့ ၅၉ ကြိမ်မြောက်ကျောက်မျက်ပြပွဲရောင်းချရမှုတွေနဲ့ ကျပ်ငွေအတုရောင်းဝယ်မှုတွေကို ထောင်သုံးနှစ်အထိချမယ်ဆိုတဲ့ ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မှောင်ခိုကုန်သွယ်မှုတွေကို သတင်းပေးပြီး ပြည်သူတွေ ငွေရှာနိုင်တဲ့အကြောင်း၊ ရွှေရောင်းဝယ်မှုကို အရေးကြီးကုန်စည်ဥပဒေအဖြစ်သတ်မှတ်ပြဌာန်းပြီးထိန်းချုပ်မဲ့ အကြောင်းနဲ့ ပြည်ပထွက်ခွာအလုပ်လုပ်မဲ့လုပ်သားတွေကို ပိတ်ပင်တယ်ဆိုတဲ့ဂယက်တွေကို သုံးသပ်တင်ပြချင်ပါတယ်။

မှောင်ခိုကုန်သွယ်မှုသတင်းပေးပြီး ငွေရှာနိုင်တဲ့ပြည်သူ

လက်ရှိဘဏ္ဍာနှစ်အစ ဧပြီလအတွင်း ပြည်သူတွေ ၅၄ ကြိမ်သတင်းပေးလို့ မှောင်ခိုကုန်သွယ်မှု ဖမ်းဆီးရမိတာက အမှုတွဲ(၇၅)မှု ဖွင့်လှစ်ထားပြီး သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်း ၃၁ မျိုးက ခန့်မှန်းတန်ဖိုးငွေကျပ် (၁၁၃၉ ဒသမ ၀၀၃) သန်းဖိုး ဖမ်းမိတဲ့အပြင် တရားမဝင်ကုန်စည်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေပါ ဖမ်းဆီးရမိခဲ့တာကြောင့် သတင်း ပေးတဲ့ပြည်သူတွေကို ဖမ်းမိတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် (၂၂၇ ဒသမ ၈၀၁) သန်းအထိ သတင်းပေးဆုကြေးငွေအဖြစ် ပေးအပ်သွားမှာပါ။

နစကအစိုးရလက်ထက် ၃ နှစ်သက်တမ်းအတွင်း မှောင်ခိုကုန်သွယ်မှုဖမ်းဆီးရာမှာ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရဟောင်းလက်ထက် ဆယ်နှစ်တာဖမ်းဆီးရမိမှု ကျပ်ဘီလျံ ၅၀ ကျော် ပမာဏထက်ကို ဘီလျံ ဆယ်ရာချီပိုပြီးဖမ်းမိထားသလို ဒီဖမ်းမိတဲ့ဆုကြေးတွေထဲက သတင်းပေးသူနဲ့ဖမ်းဆီးပေးသူတွေကိုလည်း ဆုကြေးပြန်လည်ချီးမြှင့်ပေးနေတာပါ။ တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ အဓိကမှောင်ခိုဝင်နေတဲ့ ဒီတရားမဝင်ကုန်သွယ်မှုတွေဟာ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် လက်နက်ကိုင်တွေက တိုင်းပြည်ကိုအနိဌာရုံဖန်တီးတဲ့ စစ်ပွဲတွေဆင်နွှဲဖို့ အဓိကငွေဝင်လမ်းဖြစ်လာနေသလို တစ်ဖက်နိုင်ငံတွေရဲ့ကုန်သွယ်မှုစာရင်းတွေကလည်း တရားဝင်ကုန်သွယ်မှုထက် တရားမဝင်ကုန်သွယ်မှုက သုံးဆလောက်ပိုများနေတာပါ။ ဒါကြောင့်မို့လို့ နိုင်ငံပျက်သုဥ်းဝန်ပိစေတဲ့ စစ်ပွဲတွေအသက်ဆက်ရာမှောင်ခိုလမ်းကြောင်းတားဆီးဖို့ တရားမဝင်ကုန်သွယ်သိုလှောင်မှုတွေ ပြည်သူကသတင်းပေးရင်းနဲ့ တစ်ဖက်တစ်လမ်းကလည်း ဆုငွေပြန်ရဦးမဲ့ကောင်းကျိုးရှိနေပါသေးတယ်။ စစ်ပွဲတွေလည်းတားနိုင်မယ်၊ ဆုကြေးလည်းရနိုင်မဲ့အခွင့်အလမ်းအတွက်ကတော့ တရားမဝင်ကုန်သွယ်မှုသတင်းတွေကို ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၄၀၉၈၈၃ နဲ့ အီးမေးလ် [email protected] ကို သတင်းပေးပို့ တိုင်ကြားနိုင်ပြီး သတင်းပေးပို့သူရဲ့အချက်အလက်တွေကိုလည်း လျှို့ဝှက်ပေးထားမှာလို့ သတင်းကောင်းပါးပါရစေ။

အရေးကြီးကုန်စည်ဥပဒေအဖြစ် သတ်မှတ်ပြဌာန်းပြီးထိန်းချုပ်မဲ့ ရွှေရောင်းဝယ်မှု

မြန်မာပြည်မှာ စစ်ရေးပြင်းထန်နေသလို ကမ္ဘာမှာလည်းစစ်ပွဲအငွေ့အသက်တွေ ဖုံးလွှမ်းနေတာကြောင့် ကမ္ဘာ့ရွှေစျေးအတက်ဘက်ရောက်လိုက်၊ ကျလိုက်ဖြစ်နေပေမဲ့ မြန်မာ့ရွှေစျေးကတော့ ကမ္ဘာ့ရွှေစျေးတက်ရင်လိုက်တက်၊ ကမ္ဘာ့ရွှေစျေးကျရင် ပြန်မကျ၊ ကမ္ဘာ့ရွှေစျေးတစ်ကျော့ပြန်တက်ရင် တက်စျေးအပေါ်ကနေထပ်တက်နဲ့ အခုဆိုရင် ရွှေအသင်းက ဖြစ်သင့်တယ်လို့သတ်မှတ်တဲ့ရည်ညွှန်းစျေးထက်ကို ပြင်ပစျေးမှာ ကျပ် ၈ သိန်းဝန်းကျင်စျေးဆွဲအတင်ခံထားရပြီး ထိန်းကျောင်းနိုင်မှုမရှိဖြစ်နေတာ လနဲ့ချီကြာနေပါပြီ။

ဒီလိုမျိုး စျေးဆွဲတင်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ တစ်ကျပ်သား ၁၃ သိန်းကျော်ပဲရှိခဲ့တဲ့ရွှေစျေးက ဒီနှစ်ထဲမှာ တစ်ကျပ်သား သိန်း ၅၀ နီးပါးအထိ မြင့်တက်ခဲ့သလို ဒီလိုမျိုးစျေးကစားမှုတွေကို ထိန်းကျောင်းဖို့ ရွှေအရောင်းအဝယ်ပြုမှုတွေကို အရေးကြီးကုန်စည်ဥပဒေနဲ့ထိန်းကျောင်းမယ်လို့ ဗဟိုဘဏ်က မတ်လထဲမှာပြောထားပေမဲ့အခုအချိန်အထိတော့ အကောင်အထည်မပေါ်သေးဘဲ စျေးကစားသူတွေ အားသာနေမြဲပါ။

“ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်တယ်။ အဲဒါကို ဥပဒေ ရေးဆွဲနေတယ်။ မကြာခင် ထွက်လာမယ်။ ဘာဖြစ်လာမလဲဆိုတော့ ၂၀၁၂ ခုနှစ်က အရေးကြီးဝန်ဆောင်မှုဥပဒေနဲ့ ငြိစွန်းတယ်။ အဓိက ငွေကြေးခဝါချတာတို့ ဘာတို့၊ လက်နက်၊ မူးယစ်ဆေး၊ ထောက်ပံ့ကြေး စတာတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေ ပိုပြီးရှိလာမယ်။ ဒီဥပဒေကြောင့် ဈေးကွက်ငြိမ်မယ်။ မဟုတ်ရင် ရွှေဈေးကွက်မှာ ဟိုလူက မွှေလိုက် ဒီလူက မွှေလိုက်ဖြစ်နေတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိူးမြင့်က MT News ကို ပြောထားတာပါ။

သေချာတာကတော့ ပြည်တွင်းရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးနဲ့ ချိတ်ဆက်နေတယ်ဆိုရင် ကမ္ဘာ့ရွှေစျေးတက်ချိန်၊ ကျချိန်အတိုင်းသွားနေရမှာဖြစ်ပြီး ကမ္ဘာ့ရွှေစျေးတက်တော့ ပိုတက်၊ ကမ္ဘာ့ရွှေစျေးကျချိန် ပြန်မကျဖြစ်နေတာမျိုးလည်း တာဝန်ရှိသူတွေက ထိန်းကျောင်းရပါလိမ့်မယ်။ အခြားတစ်ဖက်မှာလည်း ဥပဒေနဲ့ ရွှေစျေးထိန်းလိုက်လို့ အိန္ဒိယဘက် ပိုခိုးမထုတ်အောင်၊ အိမ်ခြံမြေကားဘက် စျေးကစားသူတွေ ဘက်ပြောင်းမသွားရအောင်လည်း အစိုးရတာဝန်ရှိသူတွေက ချိန်ညှိထိန်းကျောင်းဖို့ကြိုးစားရမှာပါလို့လည်း တင်ပြပါရစေ။

ပိတ်ပင်ခံပြည်ပထွက်ခွာလုပ်သား

ဘက်အသီးသီးက လက်နက်ကိုင်တွေကြားမှာ အနာဂတ်ပျောက်နေတဲ့အမျိုးသားလူငယ်တွေဟာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ဖို့ ကြိုးစားလာချိန်မှာပဲ ပြည်ပထွက်ခွင့်ပိတ်လိုက်တယ်ဆိုတဲ့ သတင်းဆိုးတွေ ထွက်ပေါ်လာတာပါ။ လက်နက်ကိုင်တစ်ဖက်မဟုတ် တစ်ဖက်ကို ရွေးရတော့မဲ့အခြေအနေကိုမဖြစ်မနေဆိုက်ရောက်လာချိန်မှာ ဘယ်ဘက်ကမှ လက်နက်မကိုင်လိုတဲ့လူငယ်တွေက ပြည်ပထွက်ဖို့ဦးတည်​ကြိုးစားနေကြချိန် အခုလိုပြည်ပထွက်ခွင့်ပိတ်လိုက်တာက လူငယ်တွေအဖို့တော့ ဘေးကျပ်နံကျပ်ဖြစ်သွားစေခဲ့သလို တစ်ချိန်လုံးထိုးနှက်ပုပ်ခတ်နေတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအတွက်လည်း ပိုမိုထိုးနှက်စရာလက်နက်ကောင်း ထပ်ရသွားတဲ့အခြေအနေလို့ ပြောရမှာပါ။

လက်ရှိမှာတော့ အမျိုးသားလူငယ်တွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မူလအတိုင်း ခွင့်ပြုပေးထားတယ်ဆိုပေမဲ့ အလုပ်သမားလုပ်ငန်းဆိုင်ရာတွေဘက်ကတော့ အသက် ၁၈ နှစ်နဲ့ ၂၂ နှစ်အကြားပဲ ပြန်ခွင့်ပြုတာဖြစ်ပြီး အသက် ၂၂ နှစ်ကနေ ၃၁ နှစ်အကြားကိုတော့ ဆက်လက်ဆိုင်းငံ့ထားတယ်လို့ ပြောထားတဲ့ သတင်းတွေကလည်း ရှိနေပြန်ပါသေးတယ်။ ဒီအခြေအနေနဲ့အတူ မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ရာမှာ တစ်ဆင့်ခံသွားလာရာ ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း မြန်မာနိုင်ငံကလာရောက်သူတွေကို အဝင်မခံဘဲ ပြန်လွှတ်တယ်ဆိုတဲ့ဖြစ်စဥ်တွေလည်း ကြားလာရချိန်မှာ သေချာတာကတော့ ကန့်သတ်စည်းမျဥ်းအောက်က လက်နက်မကိုင်ချင်တဲ့လူငယ်တွေအဖို့ ရွေးစရာလမ်းမရှိတော့လို့ မှောင်ခိုလမ်းကြောင်းတွေက ပိုထွက်ကြပါလိမ့်မယ်။

မှောင်ခိုလမ်းကြောင်းတွေက ပိုထွက်ခြင်းဟာ နဂိုကတည်းကမှ အဆိုးမြင်ခံနေရတဲ့အုပ်ချုပ်သူတွေအဖို့ ပုံရိပ်ကောင်းပြန်ရရေးအားထုတ်မှုတွေ ရေစုန်မျောရမှာဖြစ်သလို လက်နက်မကိုင်ချင်တဲ့ ပြည်ပထွက်အလုပ်လုပ်ချင်တဲ့ လူငယ်တွေအဖို့လည်း ဒီအကျပ်အတည်းဟာ နိုင်ငံရေးဆိုင်ရာကြီးမားတဲ့အပြောင်းအလဲအချိုးအကွေ့ဖြစ်မှ ပြေလည်မယ်ဆိုတာ ချိန်ဆသိဖို့လိုအပ်ပါလိမ့်မယ်။ လတ်တလောမှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ KIA ကလွဲရင် ကယားလက်နက်ကိုင်တွေ၊ KNU နဲ့ PDF တွေက အထိနာနေတယ်သုံးသပ်ရမှာဖြစ်သလို စစ်ပွဲတွေနဲ့ ဖြုတ်ချနိုင်မယ်ထင်တဲ့ဇာတ်မြောကလည်း အကြမ်းဖက်မြို့သိမ်းမှုတွေ အားပေးနေသရွေ့ ဆယ်စုနှစ်ချီကြာကုန်မှာဖြစ်တာကြောင့် ကြီးမားတဲ့နိုင်ငံရေးအပြောင်းအလဲဟာ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရတက်လာဖို့တစ်ခုပဲ မျှော်လင့်ချက်ရှိတာပါ။ ဒီလိုထွက်ပေါက်တစ်ခုပဲရှိတာကို ရွေးကောက်ပွဲလက်မခံဘဲ စစ်ပွဲပဲအားပေးနေမယ်ဆိုရင်တော့ တစ်ချိန်မဟုတ်တစ်ချိန်လက်နက်ကိုင်ရတော့မှာဖြစ်ပြီး လက်နက်မကိုင်ချင်လို့ တိမ်းရှောင်ပုန်းအောင်း ဘက်ပြောင်းရင်လည်း မိသားစုလိုက်ပါ အရေးယူခံရနိုင်တဲ့အခြေအနေ မလွဲမသွေကြုံရပါလိမ့်မယ်လို့ သတိပေးရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *