၈. ၅. ၂၀၂၄
Written by Thettant

ဘောလုံးပညာနှင့် အတန်းပညာအခမဲ့သင်ကြားပေးမည့် FIFA-MFF TDS Scouting Program ပဏာမအဆင့် ရွေးချယ်ရေး အစီအစဉ်များအား လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေး အဖွဲ့များသည် မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန်မြို့များတွင် မေလ ၄ ရက်မှ စတင်ခဲ့ပြီးနောက် လူငယ် ၂၀၃ ဦးကို ပဏာမ ရွေးချယ်လိုက်ကြောင်း ယနေ့အသိပေးသည်။

ပဏာမ ရွေးချယ်ရေး အစီအစဉ်များအရ ရန်ကုန်-၄၃၂ ဦး၊ မန္တလေး- ၃၂၀ ဦး၊ တောင်ကြီး-၁၉၆ ဦး၊ မြစ်ကြီးနား-၁၅၀ ဦး၊ ပုသိမ်-၅၉ ဦး၊ ပဲခူး ၄၈ ဦး စုစုပေါင်း ၁၂၀၅ ဦးလာရောက်ရွေးချယ်ခံခဲ့ကြပြီး ပဏာမအဆင့် အောင်မြင်သူများ စာရင်းအား ရွေးချယ်ရေး အဖွဲ့များကထုတ်ပြန်ကြေညာလိုက်သည်ပြီး ထို ပဏာမ အဆင့်အောင်မြင်သူများသည် ဖိုင်နယ်အဆင့် ရွေးချယ်ခြင်းအဖြစ် မေလ ၁၁၊ ၁၂ရက်(မန္တလေး)နှင့် မေလ ၁၅၊ ၁၆ ရက် (ရန်ကုန်)တွင် ဆက်လက် ရွေးချယ်မှုများ ခံယူရမည်ဖြစ်သည်။

အပြီးသတ် ရွေးချယ်ခံရသည့် ကစားသမားများသည် ၂၀၂၄ ပညာသင်နှစ်မှစတင်ကာ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့တွင် အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့ သင်ယူခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင်ကစားသမားများအဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမားများ အဖြစ်လည်းကောင်း မိမိအရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်မည် ဖြစ်သည်။

အကယ်ဒမီကျောင်းများ အနေဖြင့် သင်တန်းသားများအား အနာဂတ် မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရသော ကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ပြီး ကျောင်းသားများသည် အကယ်ဒမီကျောင်းများ၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာကာ အတန်းပညာနှင့် ဘောလုံးပညာများအား ဆည်းပူးသင်ယူရမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *