၈. ၅. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ကွန်ဂရက်က ဧပြီလ ၂၃ ရက်မှာ အတည်ပြုခဲ့တဲ့ ဥပဒေအရ TikTok ရဲ့ပိုင်ရှင် ByteDance ကုမ္ပဏီအနေနဲ့ အွန်လိုင်းသတင်းမီဒီယာအပေါ် ထိန်းချုပ်ပိုင်ဆိုင်ခွင့်ကို အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း ရုပ်သိမ်းပယ်ဖျက်ရမှာဖြစ်ပြီး ဒါမှမဟုတ်ရင် ပိတ်ဆို့မှုခံရမှာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီ ByteDance ကလည်း လူကြိုက်များလှတဲ့ TikTok အွန်လိုင်းသတင်းမီဒီယာကို အမေရိကန်နိုင်ငံတစ်ဝန်း ပိတ်ဆို့မူ ပြုဖို့ ဥပဒေပြဌာန်းလာမှုအတွက် အမေရိကန်အစိုးရကို မေလ ၇ ရက်က တရားစွဲမှုပြုခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန် ဧပြီလအတွင်း လက်မှတ်ထိုးအတည်ပြုခဲ့တဲ့ အဆိုပါဥပဒေက အခြေအမြစ်မရှိဘဲနဲ့ TikTok က အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နေတာကိုစွပ်စွဲထားတာ ဖြစ်တယ်လို့ ByteDance က ပြောခဲ့ပြီး သန်း ၁၇၀ ရှိတဲ့ အမေရိကန်နိုင်ငံသား TikTok အသုံးပြုသူတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို စော်ကားရာရောက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ဆိုခဲ့ပါတယ်။

ByteDance ရဲ့ အမေရိကန်အစိုးရအပေါ် တရားစွဲချက်မှာ TikTok ကို ဒီကာလအတွင်းပိတ်ပစ်ဖို့ဆိုတာ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance အတွက် စီးပွားရေးအရရော၊ နည်းပညာပိုင်းအရရော၊ ဥပဒေအရရော ဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့ ပြောခဲ့ပါတယ်။

TikTok က ကမ္ဘာတစ်ဝန်းလုံးမှာ အသုံးပြုသူ တစ်ဘီလျံကျော်အထိရှိပြီး ByteDance ကလည်း တရုတ်အစိုးရ ဒါမှမဟုတ် တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အမေရိကန်နိုင်ငံသား TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေရနိုင်တယ်လို့ စွပ်စွဲမှုကိုလည်း ငြင်းဆိုခဲ့ပါတယ်။ TikTok က အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နေတယ်ဆိုခြင်း မမှန်ကန်ကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ ကုမ္ပဏီရဲ့ ပုံမှန်စီးပွားရေးလုပ်ငန်းကို ပျက်ပြားအောင်လုပ်နေခြင်းလို့ ByteDance က ပြောခဲ့ပါတယ်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News