၈. ၅. ၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုး (တောင်)ရွာ၊မြို့‌ရှောင်လမ်း၊ ဖက်ဆွတ်ကန်အနီး ထင်းရှုးတောအစပ်၌ မေလ ၇ ရက် ည ၆ နာရီခွဲခန့်က တွဲကားနှင့်ချိတ်မိပြီး ခွေးဘီလူးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

“တွဲကားနဲ့ချိတ်မိပြီး ခွေးဘီလူးကားကတော့ ပြားသွားတယ်။ ခွေးဘီလူးကား​ခေါင်းခန်းထဲမှာ ပါလာတဲ့ ၃ ဦးစလုံးလည်း ကားထဲမှာ ညပ်နေလို့ ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ခဲ့ရတယ်”ဟု ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အသက် ၂၀ ကျော်ဝန်းကျင် လူငယ်ပိုင်းများဖြစ်ကာ အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးလုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

​ခွေးဘီးလူးကားအတွင်း ညပ်နေသည့် သေဆုံးသူ လူငယ် ၃ ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပူးပေါင်းထုတ်ယူပြီး လူနာတင်ယာဥ် ၃ စီးဖြင့် အသင်းဝင် ၉ ဦးက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *