၈. ၄. ၂၀၂၄
Written by Pan Ei

အိန္ဒိယ-မြန်မာနယ်စပ်က အာရုနာချယ်ပရာဒက်ရှ်ပြည်နယ်၊ လောင်းဒင်းခရိုင်မှာ သတင်းပေးချက်အရ လောင်းဒင်းရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်တို့က ပူပေါင်းစစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ရာ ဘိန်း ၁ ဒသမ ၇၅၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံက ၉ ဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယအခြေစိုက်သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို သိသိသာသာ နှိမ်နင်းမှုတစ်ခုအဖြစ် ပူးပေါင်းစစ်ဆင်ရေးအတွင်း လောင်းဒင်းခရိုင်ရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဇမ်ဝမ်ဆူးရဲ့ နေအိမ်ကနေ စုစုပေါင်း ဘိန်း ၁ ဒသမ ၇၅၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး ခုလိုစစ်ဆင်ရေးဟာ ဒေသတွင်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ အိန္ဒိယစစ်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးကို လောင်းဒင်းရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း အာဏာပိုင်တွေက အလေးပေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ- မြန်မာနယ်စပ်က မီဇိုရမ်ပြည်နယ်မှာလည်း မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိမှုကြောင့် မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းကလည်း အိန္ဒိယနိုင်ငံထဲကို ဘိန်းဖြူ ၁ ဒသမ ၂၀၆ ကီလိုဂရမ် မှောင်ခိုတင်သွင်းမှုနဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *

Related News