၈. ၅. ၂၀၂၄
Written by Ye Kyaw

ဒလတံတားစီမံကိန်းအရှိန်ဖြင့် ဈေးဆွဲတင်ထားမှုကြောင့် ဒလတံတားအဆင်း ဒလဘက်ခြမ်းတွင် ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃၀,၀၀၀ ကျော်အထိ မြင့်တက်နေသော်လည်း ထင်သလောက် အရောင်းအဝယ်ဖြစ်မှု မရှိကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်ကြီးများထံမှ သိရသည်။

“ဒလကလည်း ဟိုတုန်းကတည်းက တံတားဆောက်မယ်လို့ သတင်းထွက်ကတည်းက အခုအခြေအနေအထိပေါ့။ အခုချိန်ထိ တံတားပြီးခါနီးအထိကို ဈေးကသာနေတာဆိုတော့ ဒလကထင်သလောက်ကို မဖြစ်တော့ဘူး။ ဈေးကကုန်နေပြီ” ဟု ရန်ကုန်တိုင်းအတွင်းရှိ ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

ဒလတံတားစီမံကိန်း တည်ဆောက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ကတည်းက ဈေးနှုန်းများ ဆွဲတင်ထားခဲ့မှုကြောင့် ဒလတံတားအဆင်း ဒလမြို့နယ်ဘက်ခြမ်းရှိ မြေဈေးနှုန်းများမှာ ရန်ကုန်မြို့တွင်း ဖွံ့ဖြိုးပြီးမြို့နယ်များထက်ကို ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပေ ၄၀x ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃၅,၀၀၀ မှ ကျပ်သိန်း ၄၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်နေခြင်းဖြစ်သည်။

“ရန်ကုန်မြို့ထဲထက်တောင် ဈေးကြီးနေတာ။ ဒလက ဇက်ကူးသွားတာနဲ့ ဇက်ဆိပ်ဆင်းပြီး လမ်းမ,မေးတင်တွေပေါ့နော်။ ပေ ၄၀x၆၀ မြေကလည်း လူရဲ့တစ်ရပ်လောက်ကို နိမ့်ကျနေတဲ့မြေတွေပေါ့။ ဗွက်အိုင်နဲ့မြေက အခု သုံးသောင်းခွဲ၊ လေးသောင်းလောက်‌ ပေါက်နေတာ ပေ ၄၀x၆၀ ကိုလေ။ ပြောချင်တာတော့ အခုစည်နေတဲ့ မြောက်ဒဂုံ၊ ပင်လုံလမ်းမထက်ကို ဈေးမြင့်နေတာ။ ဘာမှ မဖွံ့ဖြိုးသေးတာကို တံတားအရှိန်ကြောင့်ပဲ လူတွေက အရောင်းအဝယ်လုပ်တဲ့ ကစားပွဲတစ်ကွင်းအနေနဲ့ လူတွေက ကစားရင်း ကစားရင်းနဲ့ မြင့်တက်နေတာ” ဟု ၎င်းက ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ ရန်ကုန်မြို့တွင်း သတ်မှတ်မြေဈေးမှာ ပြည်လမ်းမပေါ်တွင် တစ်စတုရန်းပေအတွက် ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့အိမ်ခြံမြေဈေးများမှာလည်း ဈေးနှုန်းသာမာနေပြီး အရောင်းအဝယ်အေးကာ လုံးချင်းအိမ်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *