April 18, 2024

MT News

Written by Nay Moe

ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့်ငါးချက်ပစ်ခတ်လုပ်ကြံခဲ့သလို Good Luck KTV ကိုလည်း ဗုံးခွဲခဲ့ကြောင်း SDGF (ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့) က စက်တင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်၊ ထားဝယ်လမ်းနှင့်ဇီဇဝါ(၂) လမ်းထောင့်အနီးတွင် SAC ၏ မြို့နယ်ထွေအုပ်ရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူ “ဒေါ်နွယ်နီလှိုင်” အား ”သတင်းပေးဒလန်ဟု စွပ်စွဲကာ SDGF က သေနတ်ဖြင့် (၅) ချက် ပစ်ခတ်ကာ သုတ်သင်ရှင်းလင်း” နိုင်ခဲ့သည်ဟု ဆိုသည်။

PDF လုပ်ကြံခံရသူ ဒေါ်နွယ်နီလှိုင်နှင့်အတူပါလာသော ထွေအုပ်ရုံးဝန်ထမ်းသီးသန့် အကြိုအပို့လုပ်သူတစ်ဦးကိုလည်း SDGF အဖွဲ့၀င်များအား တုံ့ပြန်ရန်ရှာရန် ပြုမူသဖြင့် ထိုသူအားလည်း သေနတ်ဖြင့် (၄) ချက်ခန့် ပစ်ခတ်သတိပေးခဲ့သည် သိရသည်။

“သူမကြောင့် ကျွန်တော်တို့ မဟာမိတ်ရဲဘော်အများအပြား တိမ်းရှောင်နေရတာ ယနေ့အထိပါပဲ။ သူမဟာဒလန်အပြင်၊ တပ်ထောက်ခံပွဲတွေလုပ်ဖို့ ဦးဆောင်လူစုပေးတဲ့သူလည်းဖြစ်ပါတယ်။ ရန်သူဟာ တစ်ကျပ်လှူယုံနဲ့ ရန် ငါ ပြတ်သလို ကျွန်တော်တို့လဲ ပြတ်ပြတ်သားသား ဆက်လက်တော်လှန်သွားမယ်” ဟု စစ်ဆင်ရေးတာ၀န်ခံ K က ပြောသည်။

ထို့ပြင် ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ (SDGF) သည် ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းပြီး SAC အား အခွန်ဆောင်ကာ မြန်မာဘီယာများ အဓိကထား ရောင်းချနေသော တောင်မြောက်လမ်းစုံအနီး၊ အမှတ်(၂) လမ်းမကြီးပေါ်ရှိ GOOD LUCK KTV အား သတိပေးဖောက်ခွဲမှုကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီကလည်း ပြုလုပ်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

NUG ၏ လက်အောက်ခံ PDF များအနေဖြင့် အမျိုးသမီးများကိုသာမက ရဟန်းသံဃာ၊ သီလရှင်၊ ထွေအုပ်နှင့် ရပ်ကျေးဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများကို ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသဖြင့် ပြည်သူများ သေဆုံးရမှုမှာ ၃၄၈၃ ဦးသေဆုံးပြီး ၃၀၆၅ ဦးဒဏ်ရာရရှိကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၁ ရက်တွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *