March 28, 2024

၃၀. ၉. ၂၀၂၂

Written by Tha Doe

SAC ဥက္ကဋ္ဌအား လုပ်ငန်းရှင်များက တင်ပြနေစဥ်

မန္တလေးတိုင်းဒေသကြီး မန္တလေးစက်မှုဇုန်အတွင်းရှိ MSME အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် SAC ဥက္ကဋ္ဌ တွေ့ဆုံခဲ့သည့် စက်တင်ဘာ ၂၉ ရက် တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန် SAC ဥက္ကဋ္ဌအား တင်ပြခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည့် အဆိုပါတွေ့ဆုံပွဲကို ရတနာပုံခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ကာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းဌေး၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်း နာယက ဦးအောင်သန်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ကိုယ်စား ကျောက်ဆစ်လုပ်ငန်းအသင်း အတွင်းရေးမှူး ဦးအောင်မြင့်ဗိုလ်၊ ရှင်သန်ဆဲ ဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်နှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စက်မှုဇုန် သမိုင်းအကျဉ်း၊ စက်မှုဇုန်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက် လိုအပ်မှု အခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် ဈေးကွက်ရရှိရေး၊ ဝါစိုက် တောင်သူများ အရင်းအနှီး ရရှိရေးအတွက် သက်သာသောအတိုးနှုန်းထားဖြင့် ရင်းနှီးမတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့် ချေးငွေများ သက်တမ်းတိုးမြှင့်ပေးစေလိုမှု၊ ကျောက်ဆစ် လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်း လိုအပ်မှု၊ ရိုးရာလက်မှု လုပ်ငန်းတစ်ခု ဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တင်ဒါစနစ်အစား လက်ခစနစ်ဖြင့် ဆောင်ရွက်ပေးစေလိုမှု၊ ရက္ကန်းလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးစေလိုမှု၊ စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာ တစ်ခုတည်ထောင်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးစေလိုမှုများ တင်ပြခဲ့သည်။

SAC ဥက္ကဋ္ဌအား မန္တလေး MSME လုပ်ငန်းရှင်များ တင်ပြနေမှုကို
တွေ့ရစဥ်

ထို့ပြင် နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်း ပါဝင်ဆောင်ရွက်မှုများဖြင့် စက်မှုဇုန်များတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန် လိုအပ်မှု၊ ကုန်ချော ပစ္စည်းများ ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများကြောင့် ပြည်တွင်းကုန်ချော ထုတ်လုပ်သူများ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှု အပေါ်တွင် ထိုက်သင့်သည့် အခွန်ငွေများ ကောက်ခံရန်နှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်ငွေများ လျှော့ချကောက်ခံမည် ဆိုပါက ပြည်တွင်းကုန်ချော ထုတ်လုပ်မှုအပေါ် အထောက်အကူ ပြုနိုင်မှု၊ ထုတ်ကုန်များအတွက် Exhibition များ ပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ်များကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်သူများ အဆင်ပြေစေမည့် အခွန်စနစ် ဆောင်ရွက်ပေးရန် လိုအပ်မှု၊ MRCCI အသင်းနှင့် ညီနောင်အသင်းများ အတွက် ရုံးခန်းများ တစ်စုတစည်းတည်း ဖွင့်လှစ်နိုင်ရေး အဆောက်အဦ မြေနေရာအတွက် နိုင်ငံတော်မှ သတ်မှတ်သောနှုန်းဖြင့် မြေနေရာ စီစဉ်ပေးနိုင်ရေး အခြေအနေများကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

SAC ဥက္ကဋ္ဌနှင့် မန္တလေး MSME လုပ်ငန်းရှင်များကို တွေ့ရစဥ်

မန္တလေးတိုင်းရှိ လုပ်ငန်းရှင်များ၏ တင်ပြတောင်းဆိုမှုများအပေါ် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ တိုးတက်ရေးအတွက် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည် ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံး အေးချမ်း လုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်သာယာ ဝပြောခြင်းဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးနှင့် ပတ်သက်၍ သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် စားသောက်ဖွယ်ရာ များသာမက တစ်ကိုယ်ရေသုံး ပစ္စည်းများသည်လည်း ရိက္ခာတွင် ပါဝင်ကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးအတွက် နိုင်ငံအတွင်း နေထိုင်သူများက ဆောင်ရွက်ရခြင်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် ပြည်တွင်းစီးပွားရေး ကောင်းမွန်စေရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ကုန်ကြမ်းများ ပေါများရေး၊ သွင်းအားစုများ လုံလောက်စွာရရှိရေး၊ အရင်းအနှီးများ ရရှိရေးနှင့် လူသား အရင်းအမြစ်များ လုံလောက်စွာရရှိရန် လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ရှိရန်လိုအပ်ကြောင်း၊ ကုန်ကြမ်းကို ပြည်တွင်း၊ ဒေသတွင်း၌ လုံလောက်စွာ ရရှိနိုင်ရန် လိုအပ်ကြောင်း၊ သွင်းအားစုနှင့် ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေ၊ မြေဩဇာ၊ မွေးမြူရေးလုပ်ငန်းအတွက် တိရစ္ဆာန်အစာအစာ၊ စက်မှုလုပ်ငန်းအတွက် လျှပ်စစ် စသဖြင့် ရရှိရန် အရေးကြီးကြောင်း၊ စက်မှုလုပ်ငန်းများအတွက် စွမ်းအင်နှင့် စွမ်းအားများလည်း လိုအပ်ကြောင်း၊ အပူပေးရသည့် လုပ်ငန်းများတွင် လျှပ်စစ်၊ ကျောက်မီးသွေး၊ ဂတ်စ်များကို အသုံးပြုကြကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခင်ကတည်းက ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အရင်းအနှီးများ ကြီးမားမှုကြောင့် အပိုင်းများခွဲ၍ ဆောင်ရွက်နေရကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီး ယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအရင်း အမြစ်များစွာ ရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းသည် အရင်းအနှီး ကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်လည်း များစွာ အကျိုးဖြစ်ထွန်းစေကြောင်း၊ မကြာမီ ကာလအတွင်း နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အပြင် လောင်စာဆီများ၊ သဘာဝ ဓာတ်ငွေ့များနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် စက်သုံးဆီများကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုးခန့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်းတွင်းရေနံ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ များစွာ ရှိနေသည့် ၅ အပြင် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍လည်း ကမ်းလွန်တွင် ထုတ်လုပ်၍ရသည့် အရင်းအမြစ်များ တွေ့ရှိထားပြီး ဖြစ်ကြောင်း၊ ဒီဇယ်ဆီ တင်သွင်းခြင်းကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်အစားထိုး အသုံးပြုနိုင်သည့် စက်ကိရိယာများကို ပြောင်းလဲ အသုံးပြုရမည် ဖြစ်ကြောင်း၊ ပို့ဆောင်ရေး စနစ်များတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ရေး အတွက် နိုင်ငံတော်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့်လည်း သဘောတူညီချက်များ ရရှိထားပြီး ဖြစ်ကြောင်း၊ လျှပ်စစ် စွမ်းအင်သုံး ရထားများနှင့် ဘတ်စ်ကားများကို Public Transportation ကဏ္ဍတွင် ဦးစားပေး ပြေးဆွဲနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ် အစီးရေ ၆ သန်းခန့် ရှိကြောင်း၊ နေ့စဉ် ဆီသုံးစွဲမှုများကို လျှော့ချနိုင်မည် ဆိုပါက ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များကို အားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် ရေးအားလျှပ်စစ်နှင့် နျူကလီးယား စွမ်းအင်သုံး လျှပ်ဓာတ် ထုတ်လုပ်ခြင်းများ အပြင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်၍ ရခြင်းကြောင့် အားပေးဆောင်ရွက်ရန် လိုကြောင်း၊ မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုများ ကောင်းမွန်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊စက်မှုလုပ်ငန်းများတွင် ကုန်ကြမ်း သေချာသည့် ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ပိုမို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ မန္တလေးဒေသတွင် စိုက်ပျိုးရေး ကုန်ကြမ်းများ၊ မွေးမြူရေး လုပ်ငန်းများ၊ စက်မှုကုန်ကြမ်းများ များစွာ ထွက်ရှိပြီး လိုအပ်သည့် ကဏ္ဍများတွင် နိုင်ငံတော်မှ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ထပ်ဆင့်ပြောကြားသည်။

အလားတူ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် ဒေသအလိုက် စိုက်ပျိုးသည့် မျိုးများ တူညီမှုရှိ စေရေး အစုအဖွဲ့အလိုက် တတ်နိုင်သမျှ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများ စိုက်ပျိုးကြကြောင်း၊ အဆင့်မီဝါများ ထွက်ရှိရေးအတွက် အရည်အသွေး ပြည့်မီသည့် ဝါမျိုးကောင်း မျိုးသန့်များ ရရှိအောင် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း၌ ဝါအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက် များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှု များစွာရှိသည့် အတွက် မန္တလေးတိုင်း ဒေသကြီးအတွင်း ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ယင်းအပြင် မန္တလေးတိုင်း ဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများစွာ ရှိပြီး အချို့သော မွေးမြူရေး လုပ်ငန်းများသည် မိရိုးဖလာအတိုင်းသာ မွေးမြူကြသည်ကို တွေ့ရှိရကြောင်း၊ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူမည် ဆိုပါက မွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိလာသည့် စွန့်ပစ် ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည် ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ငါး မွေးမြူရေး လုပ်ငန်းများမှလည်း စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်၍ ရကြောင်း၊ အရည်အသွေးမြင့် မွေးမြူရေး ထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝကို ဖွံ့ဖြိုး တိုးတက်စေနိုင် မည်ဖြစ်ကြောင်း စက်မှုကုန်ကြမ်းများ အတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့် သစ်ကုန်ကြမ်းများ ရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အချက်များအပြင် ထုတ်ကုန်ပြပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများကို ယခင်ကတည်း ထုတ်ချေးပေးခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသေးသည်များလည်း ရှိကြောင်း၊ နိုင်ငံတော်မှ ထုတ်ချေး ပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ်ရန် ကာလကို သက်တမ်း တိုးပေးသွားမည် ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်း ဟူ၍ ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှု လုပ်ငန်းနှင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုများပြားခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ကုန်ပစ္စည်း ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် များကိုလည်း လျော့နည်းအောင် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ အနေဖြင့် ပြည်တွင်း စီးပွားရေးကို အားပေးရန်၊ ပြည်တွင်းကုန် ထုတ်လုပ်မှုများကို အားပေးရန်နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် လိုပြီး တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာ ရှိကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာမည် ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ရမှုများ နည်းပါးလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *