◾️ ရွေးကောက်ပွဲကြီးအောင်မြင်ရေး တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန်ပါ တိုက်တွန်း
၁၉. ၁၂. ၂၀၂၅
Written by Nyein Kyaw
တိုင်းရင်းသားလက်နက်ကိုင် (EAO)များအနေဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို ရှေးရှုလျက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းကြရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ထာဝရကြိုဆိုလျက်ရှိပြီး အစဉ်အမြဲ တံခါးဖွင့်ထားပါကြောင်း ထပ်မံအသိပေးကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပိုသည့်သဝဏ်လွှာတွင် ပြောကြားဖော်ပြလိုက်သည်။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း ယယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ယာယီသမ္မတက ပြောကြားသည်။
သို့သော်လည်း အချို့မှာ အမှန်အတိုင်း ရှုမြင်ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်၌ပင် လျှောက်လှမ်းနေဆဲဖြစ်နေကြရာ နိုင်ငံနှင့်ပြည်သူအကျိုးကို ရှေးရှုလျက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းကြပါရန် အသိပေးတိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ထာဝရကြိုဆိုလျက်ရှိပြီး အစဉ်အမြဲ တံခါးဖွင့်ထားပါကြောင်း ထပ်မံအသိပေး ဖော်ပြအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ပိုမိုကြိုးစား ဆောင်ရွက်သွားမည်သာ ဖြစ်သည့်အပြင် “ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား ပြည်သူအားလုံးကလည်း ရွေးကောက်ပွဲကြီး အောင်မြင်ရေး ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ယာယီသမ္မတက ပြောကြားသည်။
