April 24, 2024

ကုလသမဂ္ဂတွင် လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီး Nada Al-Nashif ကို တွေ့ရစဥ်

၃၀. ၉. ၂၀၂၂

Written by Tha Doe

ကုလသမဂ္ဂတွင် လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံတင်ပြမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊ နိုင်ငံရေးသဘော မသက် ရောက်စေရေးနှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေး အခြေခံမူများကို လိုက်နာရန်လိုကြောင်း မြန်မာနိုင်ငံက သတိပေးတိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီး၏ တင်ပြချက်များမှာ သမာသမတ်ကျရေး၊ အားလုံးပါဝင်မှုရှိရေး၊ ဓမ္မဓိဋ္ဌာန်ကျရေးနှင့် ပစ်မှတ်ထားရွေးချယ်ဆောင်ရွက်မှုမရှိရေးစသည့် လူ့အခွင့်အရေးကောင်စီ၏ မူဝါဒများကိုလိုက်နာခြင်းမရှိဘဲ တစ်ဖက်သတ် ပြောကြားချက်များနှင့် အပ်ကြောင်းထပ်နေသည့် အခြေအမြစ်မရှိ လုပ်ကြံဖန်တီးထားသော စွပ်စွဲချက်များဖြင့်သာ ပြည့်နှက်နေသည်ဟု တုံ့ပြန်ခဲ့သည်။

ခေတ္တမဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံတင်ပြမှုသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစီအစဉ်၏ (၄)ခုမြောက်အစီအစဉ် ဖြစ်သည်။ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပသည့် ရက်သတ္တ (၄) ပတ်အတွင်း မြန်မာတစ်နိုင်ငံတည်းအပေါ် အချိန်(၅)နာရီကျော်ကြာ ရွေးချယ်ပစ်မှတ်ထားခဲ့သည်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ဖြစ်စဉ်နောက်ပိုင်း ဖန်တီးခဲ့သည့် ပုံစံတူယန္တရားများနှင့်အတူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့်များသည် မြန်မာနိုင်ငံမှ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုဖြေရှင်းရေးအတွက် အထောက်အကူ မပြုချေ။ အဆိုပါယန္တရားများသည် နိုင်ငံအတွင်းရှိ မတူကွဲပြားသည့် အသိုင်းအဝိုင်းများကြား နားလည်မှုလွဲမှားခြင်း၊ မယုံကြည်ခြင်းနှင့် စိတ်ဝမ်းကွဲပြားခြင်းတို့ကိုသာ ပိုမိုဖြစ်ပေါ်စေသည်ဟု ကန့်ကွက်ခဲ့သည်။

ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီးနှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့သည် စီးပွားရေးပိတ်ဆို့မှုနှင့် တစ်ဖက်သတ် အရေးယူမှုများ ဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းအား လှုံ့ဆော်နေခြင်းမှာ မြန်မာပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်ကို သိသာစွာ ဆန့်ကျင်နေခြင်းဖြစ်သည်။၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် မောင်တောခရိုင်ရှိ လုံခြုံရေးစခန်းများအား အာဆာအကြမ်းဖက်သမားများက တစ်ပြိုင်နက် အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာမှုများ ဖြစ်ပွားခဲ့ သည်။ ယင်းဖြစ်စဉ်၏ အဓိကဇစ်မြစ်မှာ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA (ခေါ်) Aqua Mul Mujahidin ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြားယန္တရားများဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့ခြင်း မရှိသေးသော်လည်း နေရပ်စွန့်ခွာဘင်္ဂါလီ(၇၀၀)ဦးကျော်ခန့်မှာ ၎င်းတို့၏ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ စခန်းများတွင် အစွန်းရောက်သူများ လှုပ်ရှားနေကြသည့်အတွက် နေရပ်စွန့်ခွာသူအများစုမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ကြသည်ကိုသိရှိရန် လိုအပ်သည်ဟုလည်း တုံ့ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ၁၉-၉-၂၀၂၂ ရက်တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ၂၃-၉-၂၀၂၂ ရက်တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထို့အတူ လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ အစိုးရက “မည်သူမျှချန်လှပ်မှုမရှိစေရ” မူဝါဒဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နေသည်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ စတုတ္တအချက်နှင့်အညီ AHA စင်တာ၊ မြန်မာအစိုးရတာဝန်ရှိသူများနှင့် မြန်မာလုပ်ငန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပထမအဆင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ဒုတိယအဆင့်ဖြစ်သည့် ဘဝရပ်တည်မှုအတွက် အစိုးရအနေဖြင့် အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာအစိုးရသည် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအချို့က ကုလသမဂ္ဂ၏ ထပ်ဖန်တလဲလဲ ယန္တရားများမှတစ်ဆင့် ဖိအားပေးနေမှုများသည် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများအပေါ် အနှောင့်အယှက်သာ ဖြစ်စေသည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ခေတ္တမဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံစာ တင်ပြမှုကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်ပြီး၊ နိုင်ငံရေးသဘော မသက်ရောက်စေရေးနှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးအခြေခံမူများကို လိုက်နာရန် ခေတ္တမဟာမင်းကြီးအား တိုက်တွန်းသည်ဟု ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *