◾ ဗိုလ်တထောင်မြို့နယ်နှင့် ပုစွန်တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူဖွင့်လှစ်ပွဲပြုလုပ်
၄.၁၂.၂၀၂၅
Written by Nay Yaung Lin
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၄၁ မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၂၄ ယောက်ဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကျားဖြူပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးနေမျိုးဇော်က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားသည်။
ကျားဖြူပါတီ၏ ဗိုလ်တထောင်မြို့နယ်နှင့် ပုစွန်တောင်မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူဖွင့်လှစ်ပွဲကို ဒီဇင်ဘာ ၄ ရက်၊ နံနက် ၉ နာရီခွဲကပြုလုပ်ခဲ့ပြီး ယင်းဖွင့်လှစ်ပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၏ ဗဟိုကော်မတီဝင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးနေမျိုးဇော်က “ဒီနေ့က ဗိုလ်တထောင်မြို့နယ်နဲ့ ပုစွန်တောင်မြို့နယ်ရဲ့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူတဲ့အခမ်းအနားဖြစ်ပါတယ်။ အခုလိုစိုက်ထူတာ ရန်ကုန်မြို့တွင်းနေရာတော်တော်များမှာ ပြီးနေပါပြီ။ ကျန်တာဆိုလို့ မြို့ထဲမှာဆိုရင် ဒဂုံမြို့နယ်။ နောက်ပြီး တောင်ဥက္ကလာကျန်ပါသေးတယ်။ ကျွန်တော်တို့ပါတီက ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် မြို့နယ် ၄၁ မြို့နယ်ကနေ ဝင်ပြိုင်ပါမယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ကတော့ ၁၂၄ ယောက်ပါ။ ရခိုင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းတစ်ယောက် ပါပါမယ်။ ကရင်တိုင်းရင်းသားရေးရာတော့ မပါပါဘူး“ ဟု ပြောကြားခဲ့သည်။
အဆိုပါ အောင်နိုင်ရေးဆိုင်းဘုတ်များ ဖွင့်လှစ်ပွဲကို ကျားဖြူပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးနေမျိုးဇော်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပုစွန်တောင်မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအပါအဝင် ကျောက်တံတား၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံ၊ ရန်ကင်း၊ တာမွေ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံနှင့် သင်္ကန်းကျွန်းမြို့နယ်တို့မှလည်း ကျားဖြူပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝန်းရံပါဝင်ခဲ့ကြသည်။
ဦးစွာ ကျားဖြူပါတီ၏ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ဗိုလ်တထောင်စေတီတော်သို့ သွားရောက်ဖူးမြော်ကာ အောင်မြေတွင် စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ကျားဖြူပါတီမှ ဗိုလ်တထောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အောင်နိုင်ရေးဆိုင်းဘုတ်၊ လင်းစဒေါင်း၊ ရာဇာဓိရာဇ်လမ်းထိပ်ရှိ အောင်နိုင်ရေးဆိုင်းဘုတ်နှင့် ကုန်သည်လမ်း၊ ဘိုကလေးစျေးရှေ့ရှိ အောင်နိုင်ရေးဆိုင်းဘုတ်များကို နံ့သာရေပက်ဖျန်းပြီး ကြွေးကြော်သံများဖြင့် ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ကျားဖြူပါတီမှ ပုစွန်တောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အောက်ပုစွန်တောင်လမ်းနှင့် ၅၂ လမ်းထောင့်ရှိ အောင်နိုင်ရေးဆိုင်းဘုတ်၊ ပုစွန်တောင်စျေးအနီး ရွှေမုဋ္ဌောစေတီတော်ရှေ့ရှိ အောင်နိုင်ရေးဆိုင်းဘုတ်တို့ကို နံ့သာရေပက်ဖျန်းကာ ကြွေးကြော်သံများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျားဖြူပါတီအနေဖြင့် အောင်နိုင်ရေးလှုပ်ရှားမှုများအနေဖြင့် ကိုယ်စားလှယ်လောင်းအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူပြီပါက အိမ်တိုင်ရာရောက် လက်ကမ်းစာစောင်များဝေ၍ စည်းရုံးရေးများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
“အောင်နိုင်ရေးအတွက် ပထမဦးဆုံးပြောရရင် ဗီနိုင်းဆိုင်းဘုတ်တွေ ထောင်ပါတယ်။ ဒုတိယအနေနဲ့ Door to Door စနစ်နဲ့ အိမ်တွေကို သွားပြီးတော့ လက်ကမ်းစာစောင်တွေဝေမယ်။ စည်းရုံးရေးတွေ ဆင်းပါမယ်။ ဒီထက်တော့ ပိုလည်းလုပ်လို့မရပါဘူး။ သတ်မှတ်ထားတဲ့အတွက် ဒီလောက်ပဲ လုပ်မှာဖြစ်ပါတယ်။ ဟောပြောပွဲအနေနဲ့ ရန်ကုန်တိုင်းမှာ ၇ ရက်နေ့မှာ မှော်ဘီမှာ တစ်ခုလုပ်ဖို့ရှိပါတယ်။ ၈ ရက်နေ့မှာ ရန်ကုန်တစ်တိုင်းလုံးက ကိုယ်စားလှယ်လောင်းအားလုံးနဲ့ ဗဟိုဥက္ကဋ္ဌ အောင်နိုင်ရေးတွေ့ဆုံမိတ်ဆက်ပွဲရှိပါတယ်“ ဟု ကျားဖြူပါတီ၊ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးနေမျိုးဇော်က ပြောကြားခဲ့သည်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)သည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံမည့် ပါတီများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။









