၁၉.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဥရောပသမဂ္ဂခေါင်းဆောင်တွေက ဥရောပမှာထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းနိုင်ငံကို ချေးငွေပေးဖို့ ဒီဇင်ဘာလ ၁၈ ရက်က ဘရပ်ဆဲလ်မှာ ညသန်းခေါင်ယံထိ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဥရောပသမဂ္ဂခေါင်းဆောင်တွေအနေနဲ့ ယူကရိန်းရဲ့ ဘတ်ဂျက်လိုငွေပြမှုကိုဖြည့်ဆည်းဖို့ ယူရိုငွေ ဘီလျံ ၉၀ (ဒေါ်လာ ၁၀၅ ဒသမ ၅ ဘီလျံ) ချေးငွေပေး သဘောတူညီချက်တစ်ရပ်ရခဲ့ပေမယ် ရန်ပုံငွေရရှိဖို့ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့မှာ သဘောတူညီချက် မရရှိခဲ့တာ ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ ပထမဆုံးရွေးချယ်မှုက ယူကရိန်းအစိုးရအတွက် ချေးငွေအဖြစ် ဥရောပသမဂ္ဂမှာ ထိန်းချုပ်ထားတဲ့ ရုရှားဗဟိုဘဏ်ပိုင်ဆိုင်မှု ယူရို ၂၀၀ ဘီလျံခန့်ကို အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ဟာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေ အများဆုံးရှိရာ ဘယ်လ်ဂျီယံနိုင်ငံက တာဝန်ယူမှု မျှဝေခြင်းဆိုင်ရာ အာမခံချက်တွေကို တောင်းဆိုခဲ့ပြီးနောက်မှာ ပျက်ပြယ်သွားခဲ့ပါတယ်။
ဖြေရှင်းချက်အတွက် ရုန်းကန်ပြီးနောက် ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ အုပ်စုရဲ့ ဘုံဘတ်ဂျက်နဲ့ ကျောထောက် နောက်ခံပြုထားတဲ့ နောက်နှစ်နစ်အတွက် ချေးငွေတစ်ရပ်ကို ရရှိဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ထိပ်သီးအစည်းအဝေးပြီးဆုံးချိန်မှာ ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဘင်ဒီဝီဗာက ဆင်ခြင်တုံတရားက လွှမ်းမိုးအောင်နိုင်တာလို့ ယုံကြည်တယ်လို့ သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂက ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှု ယူရိုငွေ ဘီလျံ ၂၁၀ ကိုထိန်းချုပ်ထားပြီး အများစုက ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် Euroclear လုပ်ငန်းမှာပါ။
Ref-AFP
