၁၉.၁၂.၂၀၂၅
Written by Linn Eain
ကရင်နှစ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ဒီဇင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး ယမန်နှစ်ထက် လာရောက်သူများပြားခဲ့ကြောင်းသိရသည်။
ကရင်နှစ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ဂုဏ်ထူးဆောင်နာယက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟို အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် ၉ ချက်တီးကာ ကရင်လူငယ် ၉ ဦးက ကျွဲချိုမှုတ်၍ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူး အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အကဖြင့် ဖျော်ဖြေခဲ့ပြီး မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာက ကရင်ရိုးရာဒုံးအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်ရိုးရာနှင့်အကအဖွဲ့ စုစုပေါင်း ၂၁ ဖွဲ့ လာရောက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။












