သတိုး
၁၉. ၁၂. ၂၀၂၅
အိန္ဒိယအစိုးရအဖွဲ့က အကြမ်းဖက်အဖွဲ့အဖြစ် ကန့်သတ်ပိတ်ပင်ထားပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေစိုက်နေသော ကသည်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မေတေး (Meitei) သူပုန်အဖွဲ့၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA – People’s Liberation Army of Manipur)) သည် ပြီးခဲ့သည့်အပတ်က တန်နော့ပါးလ် (Tengnoupal) ခရိုင်ရှိ အာသံရိုင်ဖယ် (Assam Rifles) ရှေ့တန်းစခန်းတစ်ခုကို အင်အားပြင်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ခြိမ်းခြောက်မှုအသစ်များ ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှနေ၍ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကို သူပုန်အဖွဲ့ PLA က ပထမဆုံးအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်လိုက်ခြင်းသည် မဏိပူရ်ပြည်နယ်အတွင်း နှစ်နှစ်ကြာဖြစ်ပွားနေသည့် လူမျိုးရေးပဋိပက္ခများအပြီး မေတေးနှင့် ကူကီး (Kuki) လူမျိုးများအကြား ပြန်လည်သင့်မြတ်ရေးအတွက် ဗဟိုအစိုးရ၏ ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေနိုင်သည်။ ယခုဒီဇင်ဘာလဒုတိယအပတ်အတွင်း တိုက်ခိုက်မှုကို မသိရသေးသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက မဏိပူရ်ပြည်နယ်၊ တန်နော့ပါးလ်ခရိုင်ရှိ အာသံရိုင်ဖယ်ရှေ့တန်းစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အရန်တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း PLA အဖွဲ့က ထုတ်ပြန်ခဲ့သည်။
PLA အဖွဲ့သည် ၎င်းတို့၏ ၄၀၄ မိုဘိုင်းတပ်ဖွဲ့ (404 Mobile Force) က “Operation LANG-OL” ဟု အမည်ပေးထားသည့် နံနက်အရုဏ်ဦး စစ်ဆင်ရေးကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း ၇ မိနစ်စာ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည်။ ထိုဗီဒီယိုတွင် ဝေဟင်မှ ကင်းထောက်ပြီးနောက် အာသံရိုင်ဖယ်တပ်ရင်းတစ်ခု၏ ယာယီစခန်းပေါ်သို့ ဒရုန်း (UAV) အသုံးပြု၍ ဗုံး ၃ လုံး ကြဲချခဲ့ပုံနှင့် ဗုံးထိမှန်ပြီးနောက် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များ ဘေးလွတ်ရာသို့ ပြေးလွှားနေပုံများကို ရိုက်ကူးထားသည်။ တိုက်ခိုက်ခံရသည့်နေရာသည် အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၈၅ နှင့် ၈၆ အနီးရှိ ရန်ဂိုပေါ့ပီ (Yangoupokpi) ဒေသဖြစ်ပြီး လုံခြုံရေးအရာရှိတစ်ဦး၏ အဆိုအရ ထိုနယ်စပ်မှတ်တိုင် ၆၀ မှ ၉၀ ကြား နယ်မြေသည် လုံခြုံရေးတပ်ဖွဲ့များနှင့် သူပုန်အဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားရာနေရာဖြစ်ကြောင်း သိရသည်။
လုံခြုံရေးအရာရှိက “ဒါဟာ ပြီးခဲ့တဲ့နှစ်အတွင်း သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေထဲမှာ ပထမဆုံးအကြိမ် ဝေဟင်ကနေ တိုက်ခိုက်တဲ့ ပုံစံမျိုး ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ အဆိုပါတိုက်ခိုက်မှုကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယနယ်စပ်နှင့် ၂ ကီလိုမီတာခန့်သာဝေးသော မင်းသား (Min Thar) ကျေးရွာအနီး သစ်တောထူထပ်သည့် တောင်ကုန်းဒေသမှနေ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သတင်းရင်းမြစ်များအရ မေတေး(ကသည်း)သူပုန်အဖွဲ့များဖြစ်သော PLA နှင့် UNLF(United National Liberation Front) အဖွဲ့များမှ သူပုန် ၈၀၀ ခန့်မှ ၁,၀၀၀ ခန့်သည် ထိုဒေသတွင် ခိုအောင်းနေကြသည်ဟု ယူဆရသည်။ ၎င်းတို့သည် ခိုင်ခံ့သော ဘန်ကာများနှင့် ဒရုန်းရန်ကာကွယ်ရေးစနစ် (Anti-drone systems) များပါ တပ်ဆင်ထားကြောင်း သိရသည်။
သံဝေဂရဖွယ်မှာ မေတေးသူပုန်များ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့သည့် အာသံရိုင်ဖယ်စခန်းသည် ၎င်းတို့၏ လူမျိုးစုဝင်များ နေထိုင်ရာ ကွသ (Kwatha) ကျေးရွာနှင့် မလှမ်းမကမ်းတွင် တည်ရှိနေခြင်းဖြစ်သည်။ မဏိပူရ်တစ်ခွင် လူမျိုးရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် အဆိုပါရွာလေးသည် လုံခြုံရေးတပ်ဖွဲ့များ၏ အကာအကွယ်ကြောင့် ထိခိုက်မှုမရှိဘဲ ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး ထိုရွာသည် တန်နော့ပါးလ်ခရိုင်အတွင်း မေတေးလူမျိုးများ၏ တစ်ခုတည်းသော အခြေချရာနေရာလည်း ဖြစ်သည်။
အာသံရိုင်ဖယ်တပ်ဖွဲ့သည် နယ်စပ်ဖြတ်ကျော်လာသော မေတေးသူပုန်များကို တိုက်ခိုက်ရင်း တစ်ဖက်တွင်လည်း မေတေးလူမျိုးစုများကို အကာအကွယ်ပေးနေရသည့် နှစ်ဖက်တာဝန်ကို ထမ်းဆောင်နေရကြောင်း၊ ထို့ကြောင့် အဆင့်မြင့်မူဝါဒချမှတ်သူများအနေဖြင့် အိန္ဒိယလုံခြုံရေးကို ခြိမ်းခြောက်နေသည့် သူပုန်အဖွဲ့များကို ကူညီထောက်ပံ့နေမှုများအပေါ် သတိပြုရန် လိုအပ်နေပြီဖြစ်ကြောင်း လုံခြုံရေးအရာရှိများက ထောက်ပြပြောဆိုခဲ့ကြသည်။
Ref : Deccan Chronicle
