၁၉.၁၂.၂၀၂၅
Written By Thandar
ဘုရား ရဟန်း ဒါယကာကြီး ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင် အသက် ၆၂ နှစ်ရဲ့ နောက်ဆုံးခရီးကို ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့နဲ့အတူ ပင်းတယမှာ ဂေါင်းကြီး ပြန်လာပြီ ဇာတ်လမ်းတွဲရိုက်နေတာ။ အခန်း ၇ ခန်းမြောက်မှာ နေမကောင်းဖြစ်ပြီး ရန်ကုန်ကိုသွားခဲ့တာပါ။ ဒီလောက်အခြေအနေအထိဖြစ်သွားမယ်လို့ကို မထင်မိပါဘူး။ တော်တော်လေး ရင်ထဲမကောင်းဖြစ်ခဲ့ရတာပါ။ ကိုယ့်လောကသားတွေ တစ်ယောက်ပြီး တစ်ယောက်ထွက်ခွာကြပြီပေါ့နော်”လို့ သရုပ်ဆောင် ငှက်ပျော်ကြော်က MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားကို ညောင်ညောင်ရဲ့ မိသားစုဝင်တွေ၊ အနုပညာအသိုင်းအဝိုင်းက အကယ်ဒမီလွင်မိုး၊ ဇာဂနာ၊ ငှက်ပျောကြော်၊ ဒေါင်းဝေ၊ သန်းသန်းစိုး၊ ပန်းသီး၊ ကြယ်သီး၊ ကြက်ဖ၊ ကျော်ထူး၊ ထွန်းကိုကို၊ အောင်လွင်၊ သျှန်ထွန်း(မြန်မာစာ)၊ ဒါရိုက်တာဝင်းထွဋ်ဝင်း စတဲ့သူတွေ တက်ရောက်ခဲ့ပြီး တရားတော်နာယူခဲ့ကြပါတယ်။
ညောင်ညောင်ရဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာမီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီမှာ ရန်ကုန်မြို့၊ ပုဇွန်တောင်၊ ကျီတော်ရပ်ကွက်နေအိမ်မှာ ရက်လည် ဆွမ်းသွတ်တရားတော် နာယူသွားမှာဖြစ်ပါတယ်။
ညောင်ညောင် အသက် ၆၂ နှစ်ဟာ ပန်ကရိယကင်ဆာရောဂါနဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာ OSC ဆေးရုံမှာကွယ် လွန်ခဲ့တာပါ။
သူ့ဟာ လွန်ခဲ့တဲ့ ၉ လခန့်က အသည်းအဆိပ်တက်ပြီး အတိတ်မေ့သွားရာက ဆေးရုံ ၇ လခန့်တက်ရပြီး မကြာသေးခင်ကမှ ဆေးရုံက ပြန်ဆင်းလာပြီး ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေခဲ့တာလည်းဖြစ်ပြီး ပန်ကရိယကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
#ညောင်ညောင် #သရုပ်ဆောင် #ဂေါင်းကြီးပြန်လာပြီ #RIP #နောက်ဆုံးခရီး #NyaungNyaung #ငှက်ပျော်ကြော် #MyanmarActor
#ဟာသသရုပ်ဆောင်ညောင်ညောင်








