နေမိုး
၁၉. ၁၂. ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရ်ခရိုင်၊ ရာမူး (Ramu) ဒေသတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဖြစ်သော ရခိုင်အကြမ်းဖက်သောင်းကျန်းသူ AA ထံသို့ စစ်သုံးလက်နက်ကြီး ကျည်အိမ်အခုရေ ၁,၆၀၀ မှောင်ခိုပို့ဆောင်ရန် ကြိုးပမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦးကို ရာမူးရဲစခန်းက ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးမှုအတွင်း ထုပ်ပိုးပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ရာမူးရဲစခန်း၏ တာဝန်ခံအရာရှိဖြစ်သော စခန်းမှူး Monirul Islam Bhuiya က The Business Standard သတင်းဌာနသို့ ဒီဇင်ဘာ ၁၈ ရက်က ပြောကြားချက်အရ ဖမ်းဆီးရမိသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သော မိုဟာမက် ရှားဂျဟန် (၂၅ နှစ်)၊ မိုဟာမက် အီလ်ယက်စ် (၁၉ နှစ်)နှင့် အတီကာ ရာမန် (၂၅ နှစ်) တို့ ဖြစ်ကြသည်။
တိကျသော သတင်းရရှိမှုအပေါ် စခန်းမှူး Monirul ၏ ပြောကြားချက်အရ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ထံ ပေးပို့ရန်အတွက် လက်နက်များကို ရာမူးရှိ ဂျော်အာရီနာလာပြည်နယ်စုရှိ လက်ဖက်စိုက်ခင်းဧရိယာကို ဖြတ်ကျော်၍ မော်တော် ယာဉ်ဖြင့် သယ်ဆောင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ဖက်စိုက်ခင်းအနီးရှိ Al Madina စားသောက်ဆိုင်ရှေ့၊ ရာမူး-နိုင်ခုံချာရီ (Ramu-Naikhongchari) လမ်းမပေါ်တွင် ယာယီရဲကင်းစခန်းတစ်ခုကို ချထားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်တကောင်း (Chattogram) ဘက်မှ နိုင်ခုံချာရီဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်ငယ်တစ်စီး စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာချိန်တွင် ရဲတပ်ဖွဲ့က ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။ ထိုစဉ် ယာဉ်ပေါ်ပါလာသူ ၃ ဦးမှာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကုန်တင်ယာဉ်ငယ်ကို ရှာဖွေရာတွင် အဖြူရောင် ပလတ်စတစ်အိတ်ငယ် ၃၂ အိတ်ကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်များအတွင်းမှ လက်နက်ကြီးကျည်အိမ် ၁,၆၀၀ ကို သိမ်းဆည်းရမိခဲ့ကာ ယာဉ်ကိုလည်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။
“ဖမ်းဆီးခံရသူတွေရဲ့ ဝန်ခံချက်အရ ဒီကျည်အိမ်တွေကို နိုင်ခုံချာရီ နယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ (AA) ဆီ ပေးပို့ဖို့ သယ်ဆောင်လာတာ ဖြစ်ပါတယ်” ဟု ရဲစခန်းမှူးက ဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် သံသယရှိသူများကို သက်ဆိုင်ရာ ဥပဒေများအရ ရာမူးရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Ref : TBS
