၂၆.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာတွင် သောက်လက်စ ဆေးလိပ်တိုမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့မှု နိုဝင်ဘာလ ၂၅ ရက် နံနက် ၉နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ အာရ်စီ တစ်ထပ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သောက်လက်စဆေးလိပ်တိုကို စုပုံထားသောဘိလပ်မြေအိတ်ခွံများအနီးတွင် ထားခဲ့ရာမှ ဆေးလိပ်တို မီးပွားကျသဖြင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၇ မိနစ်ကြာ လောင်ကျွမ်းခဲ့သောမီးလောင်မှုကြောင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်၊ သွပ်မိုး၊ ပျဥ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ်တစ်လုံး၊ သွပ်မိုး၊အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ် နှစ်လုံး၏ အပေါ်ထပ်များနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အိမ်ဆောက်ပစ္စည်းဆိုင်နှင့် နေအိမ်သုံးလုံးမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ငါးစီး၊ ရေသယ်ယာဥ် သုံးစီးဖြင့် သန္ဓေအရန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် သန်လျင်မြို့မရဲစခန်းက အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

