ချေးငွေထုတ်ချေးပေးမည့် ဘဏ်အချို့ကို တွေ့ရစဥ်

၁၅. ၁၂. ၂၀၂၂
Written by Ye Kyaw

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား (MSME) လုပ်ငန်းရှင်များအတွက် ချေးငွေအမျိုးအစားနှင့် ချေးငွေထုတ်ချေးပေးမည့် ဘဏ်များအား အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား (MSME) လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေးတို့အတွက် လိုအပ်သည့် ငွေကြေး အရင်းအနှီးများရရှိစေရန် MSME ချေးငွေများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။

MSME လုပ်ငန်းရှင်များသည် JICA Two-Step Loan ချေးငွေရယူနိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာ (UAB)ဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် စသည့်တို့တွင် ထုတ်ယူနိုင်မည်ဖြစ်သည်။

ချေးငွေထုတ်ယူရာတွင် ချေးငွေသက်တမ်း အများဆုံး (၅)နှစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၅၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ အတိုးနှုန်းများအနေဖြင့် မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင် အတိုးနှုန်း ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်သည်။ အာမခံအပေါင်ပစ္စည်းအဖြစ် မရွှေ့ပြောင်းနိုင်သောပစ္စည်း မြေနှင့် မြေပေါ်ရှိအဆောက်အဦး၊ CGI အာမခံတို့ ပြသနိုင်ရမည်ဖြစ်သည်။

MSME ချေးငွေများကို မြန်မာ့စီပွားရေးဘဏ် (MEB) မှ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေသက်တမ်း အများဆုံး (၅) နှစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ အတိုးနှုန်းများအနေဖြင့် မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့် ချေးယူလျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းတွင် စက်ပစ္စည်း အာမခံထည့်သွင်း ချေးယူလျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်သည်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအဖြစ် မြေနှင့်မြေပေါ်ရှိ အဆောက်အဦး၊ CGI အာမခံ၊ စက်ပစ္စည်းတို့ ပြသနိုင်ရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ SMIDB (SME) ချေးငွေအစီအစဥ်မှ လုပ်ငန်းရှင် ၄၅၆ ဦးသို့ ချေးငွေကျပ်ဘီလျံ ၂၀ကျော်၊ JICA Two-Step Loan (MSME) ချေးငွေအစီအစဥ်မှ လုပ်ငန်းရှင် ၂၀၄၅ ဦးသို့ ချေးငွေကျပ်ဘီလျံ ၃၆၀ ကျော်နှင့် MEB (MSME) ချေးငွေအစီအစဥ်မှ လုပ်ငန်းရှင် ၃၄၂ ဦးသို့ ချေးငွေကျပ် ၂၆ ဘီလျံနီးပါး ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *