၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရုရှား-မြန်မာ ပူပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေး စီမံကိန်းအား ယခုဒီဇင်ဘာလတွင် စတင်နိုင်ရေးနှင့် တစ်နှစ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ-ရုရှားနှစ်နိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထို့သို့ တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိမိတို့ဝန်ကြီးဌာနနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများ၏ MoU ရေးထိုးနိုင်မှုအခြေအနေများ၊ ရုရှားနိုင်ငံမှ ပံ့ပိုးပေးသည့် နေကြာမျိုးကိုးမျိုးကို စိုက်ပျိုးရေးသမဝါယမအသင်းများဖြင့် စမ်းသပ်စိုက်ပျိုးခဲ့မှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင် စတင်နိုင်ရေးနှင့် စက်ရုံကိုတစ်နှစ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
