၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကွယ်လွန်သူ ယာယီသမ္မတဦးမြင့်ဆွေ ပိုင်ဆိုင်သည့် မန္တလေးမြို့ရှိ မြေကွက်အား အခြားသူများ မသိအောင် ရောင်းချခဲ့သူ ဦးတာယာမြင့်ဆွေအား လာရောက်ဖြေရှင်းရန်နှင့် ခုနစ်ရက်အတွင်း ဖြေရှင်းမှုမရှိဘဲ ရှောင်တိမ်းပျက်ကွက်ပါက ပါဝင်ပတ်သက်သူများအားလုံးအပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတဦးမြင့်ဆွေ၏ မိသားစုက နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။
ဖြစ်စဥ်တွင် ဦးတာယာမြင့်ဆွေ(ဘ) ဒေါက်တာမြင့်ဆွေ (၁၂/ဗဟန(နိုင်)၁၀၇၇၀၃)နှင့် အများသိစေရန် ကြေညာခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် ဒေါ်ခင်သက်ဌေး(ဘ)ဦးယုဝေ (၁၂/ဒဂန(နိုင်)၀၁၂၇၁၇) ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် နေထိုင်သူ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကြေညာအပ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
ကြေညာချက်အရ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ် (၃၁)၊ ဧရိယာ (ဝ.၁၁၀၂)အကျယ်ရှိ မြေကွက်မှာ ဦးမြင့်ဆွေ၊ ယာယီသမ္မတ(ကွယ်လွန်) အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမွေစားအမွေခံပေးကမ်းခြင်း၊ လွှဲပြောင်းထားခြင်းမရှိသည့် အဆိုပါမြေကွက်၏ ဂရန်သက်တမ်း ကုန်ဆုံးခဲ့သဖြင့် သက်တမ်းတိုး ဆောင်ရွက်ရန်အတွက် (၁၇-၇-၂၀၂၄)နှင့် (၂၀-၁၁-၂၀၂၄)ရက်စွဲပါ နေပြည်တော်စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၏ ကိုယ်စားလှယ်လွှဲစာ (၂) စောင်ကို ဦးတာယာမြင့်ဆွေ (ဘ) ဒေါက်တာမြင့်ဆွေ (မိ) ဒေါ်ခင်သန်းဝင်းတို့၏ သား (ခေတ္တဘန်ကောက်) နေထိုင်သူ (၁၂/ဗဟန (နိုင်) ၁၀၇၇၀၃) ထံ လွှဲအပ်ပေးခဲ့သည်။
ထိုသို့ ဂရန်သက်တမ်းတိုးခြင်းအား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန်အတွက် ယုံကြည်စွာ လွှဲအပ်ပေးထားသည့် ကိုယ်စားလှယ်လွှဲစာ (၂)စောင်ကို အသုံးပြုကာ ဒေါ်ခင်သက်ဌေးနှင့် သားဖြစ်သူတို့အပါအဝင် အခြားမိသားစုဝင်များမသိအောင် ဂရန်သက်တမ်းတိုး ဆောင်ရွက်ပေးရမည့် မြေကွက်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်ကာ အလွဲသုံးစားပြုလုပ်၍ ရောင်းချခဲ့သည့်အတွက် ၎င်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဦးတာယာမြင့်ဆွေနှင့်တကွ ပူးပေါင်းပါဝင် ပတ်သက်သူများသည် ယခုသတင်းစာကြေညာသည့်ရက်မှ (၇) ရက်အတွင်း ကျွန်ုပ်မိတ်ဆွေ ဒေါ်ခင်သက်ဌေးထံ လာရောက်ဖြေရှင်းပါရန်နှင့် ယင်းသို့ဖြေရှင်းခြင်းမပြုဘဲ ရှောင်တိမ်းပျက်ကွက်နေခဲ့ပါက တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများအရ ပါဝင်ပတ်သက်သူများအားလုံးအပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန် ကြေညာထားခြင်းဖြစ်သည်။
လွှဲအပ်ညွှန်ကြားချက်အရ ဒေါ်ဥမ္မာမြင့်၊ တရားလွှတ်တော်ရှေ့နေ (စဉ်- ၉၂၆၉/၂၀၁၃) အဆောင် ၁၅ ၊ အခန်း ၅ဝ၁၊ MICT PARK လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉- ၄၂၀ဝ၈၅၃၁၆၊ ၀၉-၆၆၆၆၆၃ဝ၃၆ ဖြစ်ကြောင်း ဖော်ပြထားသည်။
