◾ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံမှု နက်ရှိုင်းလာစေရန်အပြင် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူး ပေါင်းဆောင်ရွက်မှုကို အဓိကထား ဆွေးနွေးမည်
၄.၁၂.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၃ ကြိမ်မြောက် အိန္ဒိယ-ရုရှား နှစ်ပတ်လည်ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် နှစ်ရက်ကြာ အလည်အပတ်ခရီးအဖြစ် နယူးဒေလီမြို့သို့ ဒီဇင်ဘာလ ၄ ရက် ဒေသစံတော်ချိန်ညနေ ၄း၃၀ နာရီခန့်တွင် ရောက်ရှိလာမည်ဟု သိရသည်။
ပူတင်၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံမှု နက်ရှိုင်းလာစေရန်အပြင် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။
ပူတင်၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အဓိကအစီအစဉ်အချက်အချို့အဖြစ် အိန္ဒိယနိုင်ငံသမ္မတ ဒရိုပါဒီ မာမူနှင့်တွေ့ဆုံခြင်း၊ ဒေလီသို့ရောက်ရှိပြီး မကြာမီ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီမှ သီးသန့်ညစာ စားပွဲကျင်းပခြင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ဆန်သစ်သောနည်းပညာများ၊ သယ်ယူပို့ဆောင်ရေး၊ ငြိမ်းချမ်းသော အာကာသစူးစမ်းလေ့လာရေး၊ သတ္တုတူးဖော်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်သမားရွှေ့ပြောင်းမှုအစီအစဉ်များတွင် အခြားအလားအလာရှိသောစီမံကိန်းများ အကြောင်းဆွေးနွေးခြင်းတို့ ပါဝင်ကြောင်း ပူတင်၏လက်ထောက် ယူရီ ယူရှာကော့ဗ်က ပြောခဲ့သညိ။ ၎င်းက အိန္ဒိယနှင့် ရုရှားအကြား နှစ်နိုင်ငံနိုင်ငံရေးဆွေးနွေးပွဲသည် ပုံမှန်ဖြစ်ပြီး လျှို့ဝှက်မှုများရှိနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် နယူးဒေလီသို့ နှစ်ရက်ကြာ အိန္ဒိယခရီးစဉ်အတွက် ပူတင်ရောက်ရှိပြီး နာရီပိုင်းအကြာ ဒီဇင်ဘာလ ၄ ရက်တွင်ပင် ဗလာဒီမာပူတင်အတွက် သီးသန့်ညစာစားပွဲတစ်ခု ကျင်းပမည်ဖြစ်သည်။
ရုရှားသမ္မတ၏ခရီးစဉ်က အိန္ဒိယသွင်းကုန်များအပေါ် အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီးနောက် လအတန်ကြာတွင် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားအနေဖြင့် အိန္ဒိယသို့ Su-57 တိုက်လေယာဉ်များ ထောက်ပံ့ပေးနိုင်ခြေနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ခု ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယက အဆိုပါပဉ္စမမျိုးဆက် တိုက်လေယာဉ်များ ဝယ်ယူရန် လုပ်ဆောင်နေကြောင်းလည်းသိရသည်။
ပူတင်နှင့် မိုဒီတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို လက်ရှိ ဒေါ်လာ ၆၈ ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၀၀ ဘီလီယံအထိ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကိုယ်ပိုင်ငွေကြေးများဖြင့် ငွေပေးငွေယူများကို စီမံခန့်ခွဲရန်စနစ်များ တိုးတက်ကောင်းမွန်အောင် ဆွေးနွေးရန် မျှော်လင့်ရကြောင်း ဒီမီထရီ ပက်စ်ကော့ဗ်က ဒီဇင်ဘာလ ၂ ရက်တွင် ဒေသခံမီဒီယာများသို့ ပြောကြားခဲ့သည်။
Ref , Hindustan Times
