၁၅. ၁၂. ၂၀၂၂
Written by Naing Thuta

ယနေ့နံနက်ပိုင်းက အင်အားအသင့်အတင့်ရှိသော မြေငလျင် လှုပ်ခတ်မှုကြောင့် မြသိန်းတန်စေတီ ထီးတော်မြေခခဲ့သည့်အပြင် စစ်ကိုင်းမင်းကွန်းရှိ စေတီပုထိုးများနှင့် ခြင်္သေ့ကြီးလက်ပဲ့ကျခဲ့သည့်ဖြစ်ရပ်များ မန္တလေးမြို့ပေါ်ရှိ ဘုရားစေတီပုထိုးအချို့လည်း မြေခခဲ့မှုများနှင့် အခြားပျက်ဆီးမှုများလည်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ကို ဗဟိုပြု၍ ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ် အချိန်ခန့်က ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိပြီး မြေငလျင်လှုပ်ခတ်သွားခဲ့မှုကို မန္တလေးမြို့နေပြည်သူများနှင့် အနီးဝန်းကျင်ရှိမြို့ခံပြည်သူများ ခံစားသိရှိခဲ့ရကြောင်း MT News သတင်းဌာနက စုံစမ်းသိရသည်။

အဆိုပါ လှုပ်ခတ်သွားသောငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းရွာရှိ မင်းကွန်းခြင်္သေ့ကြီး၏ လက်မောင်းအရင်းသည် ယခင်က အက်ကြောင်းထနေသောနေရာမှစတင်ပြီး တစ်ခြမ်းပဲ့ကျသွားခဲ့သည်။ ထို့ပြင် မြသိန်းတန်စေတီတော်၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ ပြုတ်ကျပျက်စီးသွားသည့်အပြင် စေတီတော်၏ အရှေ့ဘက်ခေါင်းလောင်းမှောက်အောက်ခြေမှ အထက်သပိတ်တော်အထိ ပေ ၄၀ ခန့် အက်ကြောင်းဖြစ်ခြင်း၊ အရှေ့ဘက် သီတာခုနှစ်တန်မုခ်ဦး၏ ၆ ခုမြောက်မုခ်ဦး အနည်းငယ်အက်သွားခြင်း၊ ၇ ခုမြောက်မုခ်ဦး၏ အထက်တံတိုင်း အနည်းငယ်အက်သွားခြင်း၊ အနောက်ဘက်မုခ် ယခင်အက်ကွဲကြောင်း နေရာမှ ၅ လက်မခန့် ထပ်မံအက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းနှင့် မင်းကွန်းပုထိုးတော်ကြီး၏ ယခင်အက်ကြောင်းများထက် ပိုမိုအက်ကွဲကာ ပိုဟလာကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ခန္တောတိုက်၊ မဏိရတနာကျောင်းတိုက်မှ မျက်နှာကျက်များလည်း ပြိုကျပျက်ဆီးခဲ့ပြီး ကျောင်းဝန်းအတွင်း၌ တည်ထားကိုးကွယ်နေသည့် ပတ္တမြားစေတီတော်ကြီး၏ စိန်ဖူးတော်မှာလည်း မြေခပျက်စီးခဲ့ကြောင်းနှင့် အခြားသောပျက်စီးထိခိုက်မှုမျာ းအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

အလားတူပင် မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ပေါ်ရှိ ဒက္ခိဏာဝန်ကျောင်းတိုက်၊ သိမ်ကျောင်းအတွင်း၌ ပူဇော်ထားသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်မှာလည်း မြေခခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်များတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

မြသိန်းတန်စေတီတော်ကြီးမှာ ၁၈၃၆ ခုနှစ်တွင် ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သော်လည်း ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးမှာ မူလပုံစံအတိုင်း ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

ထိုငလျင်လှုပ်ခတ်သွားမှုကို မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ တံတားဦးမြို့နယ်နှင့် ပုလိပ်မြို့များတွင် နေထိုင်ကြသူများ သိသိသာသာခံစားခဲ့ရပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင် နေထိုင်နေကြသည့်သူများလည်း ခံစားခဲ့ရကြောင်း သိရသည်။

မိမိတို့ MT News သတင်းဌာနအနေဖြင့် အခြားထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်း ဆက်လက်စုံစမ်းလျက်ရှိပြီး ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *