အမေရိကန်နိုင်ငံထုတ် ပက်ထရီယော့ လေကြောင်းကာကွယ်ရေးဒုံးပျံစနစ်များကို တွေ့ရစဉ်။

၁၅. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

အမေရိကန်အစိုးရက ၎င်း၏ ပက်ထရီယော့ လေကြောင်းကာကွယ်ရေးဒုံးပျံစနစ်များကို ယူကရိန်းသို့ပေးပို့မည်ဆိုခြင်းက ရန်စမှုပြုလုပ်သော နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ကာ မခန့်မှန်းနိုင်သော နောက်ဆက်တွဲအကျိုးရလဒ်များ ရစေလိမ့်မည်ဖြစ်ကြောင်း ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ ဖော်ပြခဲ့သည်။

ရုရှားသံတမန်များက အမေရိကန်အစိုးရက ယူကရိန်းအစိုးရထံ အဆိုပါ လေကြောင်းကာကွယ်ရေးဒုံးပျံစနစ်များ ထောက်ပံ့ရန် ပြင်ဆင်မှုများပြုနေသည်ဟု သတင်းများပေါ်ထွက်လျက်ရှိကြောင်း၊ ၎င်းကိုအတည်ပြုနိုင်ခဲ့မည်ဆိုပါက မခန့်မှန်းနိုင်သော နောက်ဆက်တွဲအကျိုးရလဒ်များ ဖြစ်ပေါ်စေမည့် အမေရိကန်တို့၏ နောက်ထပ်ရန်စမှုခြေလှမ်းတစ်ရပ်ဟု သတ်မှတ်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။

ထို့ပြင် ရုရှားသံရုံးက ယူကရိန်းအစိုးရထံ လက်နက်များဆက်လက်ထောက်ပံ့နေခြင်းမှာ ဇီလန်စကီး၏ အစိုးရအတွက် ဒွန်ဘတ်စ်၊ ခါဆွန်နှင့် ဇါပိုရိုဇီဒေသများတွင် အရပ်သားများအပေါ်  စစ်ရာဇဝတ်မှုအသစ်များကျူးလွန်ရန် ပိုမိုအင်အားကောင်းစေလိမ့်မည်ဟုလည်း အလေးထားပြောခဲ့သေးသည်။

ထို့ပြင် ရုရှားသံတမန်များက ပက်ထရီယော့ဒုံးကျည်စနစ်များ ထောက်ပံ့မှုမပြုဘဲနှင့်ပင် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံအတွင်း ပဋိပက္ခကို ပိုမိုတိုးမြင့်လာအောင်ပြုနေကြောင်း၊ လက်နက်များထောက်ပံ့ပေးမှု၊ စစ်ရေးလေ့ကျင့်မှုသင်တန်းများပေးမှုတို့ကို ဆက်လက်ပြုလုပ်နေသည့်အပြင် ယူကရိန်းထံ ထောက်လှမ်းရေးအချက်အလက်များလည်း ပေးပို့နေကြောင်း၊ ရုရှားနှင့်ယူကရိန်း ထိပ်တိုက်ရင်ဆိုင်မှုတွင် အမေရိကန်နိုင်ငံသားများက ကြေးစားစစ်သားများအဖြစ် ပါဝင်နေကြကြောင်း ဆက်လက်ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ရုရှားသံရုံးက အမေရိကန်အစိုးရ၏ မဟာဗျူဟာက ရုရှား-အမေရိကန်ဆက်ဆံရေးကိုသာမက ကမ္ဘာကြီး၏ လုံခြုံမှုကိုပါကြီးမားစွာ အန္တရာယ်ရှိလာစေနိုင်ကြောင်း၊ အကယ်၍ ယူကရိန်းပဋိပက္ခ အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေလျှင် အမေရိကန်အစိုးရ၌ တာဝန်ရှိလိမ့်မည်ဟုလည်း ကောက်ချက်ချပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ယူကရိန်းထံ ပက်ထရီယော့ဒုံးပျံစနစ်များပေးပို့ရန် အပြီးသတ်ဆောင်ရွက်နေသည်ဟု စီအန်အန် သတင်းဌာနက ဖော်ပြရေးသားခဲ့သည်။ ထိုသတင်းအပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ရွိက်ဒါက အတည်ပြုရန် ဒီဇင်ဘာလ ၁၃ ရက်က ငြင်းပယ်ခဲ့သည်။

Ref, Tass

Leave a Reply

Your email address will not be published. Required fields are marked *

Related News