၁၅. ၁၂. ၂၀၂၂
Written by Naing Thuta

အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဘုရားမီးပူဇော်ရာမှ နေအိမ်မီးကူးစက်လောင်ကျွမ်းမှု မန္တလေးတွင် ယနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲဲကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့် က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၉၃)၊ ခနွဲကုန်းရပ်၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ ၉၁ လမ်းရှိ နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း သိရသည်။

“ဘုရားမီးပူဇော်ထားရာကနေ စလောင်တယ်လို့ကြားတာပဲ။ အဲဒီနားက အိမ်တွေနည်းနည်းကပ်နေတာ။ ကံကောင်းလို့ မီးသတ်အဖွဲ့နဲ့ လူမှုကူညီရေးအသင်းကအဖွဲ့တွေ ရောက်လာတာမြန်လို့ နည်းနည်းပဲလောင်သွားတာ။ မဟုတ်ရင် အိမ်တွေကပ်တာနဲ့ လမ်းကြားထဲ နည်းနည်းဝင်ရတာနဲ့ ခက်ခဲပြီး အကုန်ပါသွားမှာ။ စလောင်လောင်ချင်းလည်း ရပ်ကွက်သူ/သားတွေက ဝိုင်းငြှိမ်းကြလို့ လူညီပြီး ဒီလောက်ပဲလောင်သွားတာ”ဟု မီးလောင်သည့်အိမ်အနီး နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါမီးလောင်မှုကို မဟာအောင်မြေမြိုံနယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မဏိ စလ လူမူကူညီရေးအဖွဲ့မှ အသင်းသားများ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးဝိုင်းငြှိမ်းခဲ့မှုကြောင့် ၁၂ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြိုနယ်မီးသတ်ဦးစီးမှူး ဦးညွှန့်ဝင်းအောင်ထံမှ သိရသည်။

၎င်းမီးသည် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ဘုရားစင်မီးပူဇော်ထားရာမှ စတင်မီလောင်ကျွမ်းခဲ့ပြီးတော့ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်၏ ဘုရားစင်နှင့် ကြမ်းခင်းအနည်းငယ် ပျက်စီးခဲ့ရာ ၁၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာမှ မီးပေါ့ဆစွာ အသုံးပြုခဲ့သည့် အိမ်ရှင်အမျိုးသားအား လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *