၁၅-၁၂-၂၀၂၂
Written By Naddy

ဂီတပိုင်းကို တစိုက်မတ်မတ် လုပ်ကိုင်လျက်ရှိသော အဆိုတော်စိန်လင်းသည် တေးသီချင်းတစ်ပုဒ်ထွက်ရန် အကောင်းဆုံးဖန်တီးရသည့်အတွက် ပိုတာဝန်ကြီးကြောင်း Myanmar Transparency News သို့ ပြောသည်။

“ပရိသတ်အတွက် တာဝန်မကျေခဲ့တာကြာပြီ သီချင်းတွေလည်း မထွက်ခဲ့တာ ကြာပြီ။ ခုချိန်မှာ တစ်လကို ၂ပုဒ်လောက် ထွက်နိုင်အောင် ဆက်တိုက်ဖန်တီးထားပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင် ဖန်တီးထားပေမယ့် မိဖူးထွက်တဲ့ သီချင်းကလည်း အမြူးလေး၊ မေ့သဘောထွက်တော့လည်း အမြူးလေး၊ အသဲစွဲဆိုတဲ့ သီချင်းလေးနောက်ဆုံးထွက်တာလည်း မြူးမြူးလေးဖြစ်နေတယ်။ ခုတော့ အဆွေးသီချင်းလေး ဖန်တီးဖြစ်တာပါ။ သီချင်းတစ်ပုဒ်ထွက်ဖို့ အကောင်းဆုံးကြိုးစားရတာမို့ တာဝန်ကတော့ အပုဒ်တိုင်းမှာ တာဝန်ကြီးပါတယ်။ ပရိသတ်ရင်ထဲ ရောက်သွားတာ မရောက်သွားတာဘဲ မူတည်တာပါ”ဟု အဆိုတော် စိန်လင်းက ပြောသည်။

၎င်းသည် ကိုဗစ်ကာလ မတိုင်ခင်ကတည်းက တေးသီချင်းများကို စုဆောင်းထားခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း တစ်လလျှင် တေးသီချင်း ၂ ပုဒ်ထွက်ရန် အကောင်းဆုံး ပြင်ဆင်ခဲ့ကြောင်း သိရသည်။

မကြာခင်လပိုင်းအတွင်း တေးသံရှင်ဖူးဖူးဖြင့်သီဆိုထားသော “ဘာလိုလဲ ဘာရှာလဲ” သီချင်း၊ တေးသံရှင် ချယ်ရီသင်းဖြင့် သီဆိုထားသော “မေ့သဘော”သီချင်း၊ အသဲစွဲ တေးသီချင်းများ ထွက်ရှိထားသူလည်း ဖြစ်သည်။

လက်ရှိတွင် မျက်လုံးအစားထိုး ကုသပေးခြင်း ၊ ခြေတုလက်တုများ အစားထိုးပေးခြင်း စသည့် ပရဟိတအလုပ်များအပြင် မဟိဒ္ဓိ၊ မဂ္ဂါပါ၀ါ တိုင်းရင်းဆေးကိုလည်း ကြေငြာများရိုက်ကူးပေးလျှက်ရှိသည်။

“တစ်ခါတလေ ပရိသတ်ရင်ထဲရောက်နိုင်တဲ့ သီချင်းဖြစ်ပေမယ့် ခေတ်ကာလအခြေအနေ‌ကြောင့် မရောက်သွားတာတွေ ရှိတယ်။ ကိုယ့်ရဲ့ ကံတရားလို့ပဲ ပြောရမှာပါ။ အရာအားလုံးက အချိန်တစ်ခုလိုအပ်တယ်။ ကံ၊ ဉာဏ်၊ ဝီရိယ လိုတယ်။ ကိုယ်က ဘယ်လောက်ပဲ ဉာဏ်တွေ ဝီရိယတွေ ကောင်းနေနေ ကံဆိုတဲ့ အရာမပါလာရင် ပရိသတ်ကြိုက်တဲ့ သီချင်းတစ်ပုဒ် ထပ်တူကြဖို့ လိုနေဦးမှာပါ။ ကျွန်တော်က စိတ်ဓာတ်မကျဘူး။ ကိုယ်ကတော့ ဉာဏ်နဲ့ ဝီရိယကို စိုက်ထုတ်သွားမှာပါ။ ကိုယ်ရဲ့ စီနီယာပဲဖြစ်ဖြစ်၊ ဂျူနီယာပဲဖြစ်ဖြစ် တစ်ပုဒ်ထွက်တယ်။ ပေါက်သွားတယ်ဆိုရင် အားကျပါတယ်။ ဝမ်းလည်းသာပြီး မုဒိတာပွားပါတယ်။ ကိုယ့်သီချင်းမပေါက်သေးတာကတော့ ကံတရားလိုသေးတယ်။ ဒီထက်ကောင်းအောင်ကြိုးစားမယ်။ ခုထွက်တဲ့ သီချင်းလေးတွေ ပေါက်ပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်အားမရသေးပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *