၃. ၁၂. ၂၀၂၅
Written by Nyein Kyaw
လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှုကဏ္ဍအတွက် လိုအပ်သောပစ္စည်းများနှင့် သွင်းအားစုများကို ပြည်ပမှ လစဉ်ဝယ်ယူဖြည့်တင်းပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားသည်။
နိုင်ငံ၏ပို့ကုန်ကဏ္ဍနှင့် သွင်းကုန်ကဏ္ဍ လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံတကာကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မြန်မာ့လယ်ယာထွက်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေးနှင့် အမယ်သစ်ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင် စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များသည် နိုင်ငံ့ဝင်ငွေရရှိရေးအတွက် အဓိကနေရာမှ ပံ့ပိုးပေးလျက်ရှိသောကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ကွင်းဆက်လုပ်ငန်းစဉ်တွင် လိုအပ်သောပစ္စည်းများနှင့် သွင်းအားစုများကို နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ လစဉ်ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ကမ္ဘာ့ဈေးကွက်လိုအပ်ချက်နှင့်အညီ ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်စေရေး၊ ဈေးကောင်းရရှိရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
