၃.၁၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ တက်ကြွလှုပ်ရှားသူနဲ့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ ရွန်နာရွန် ကော့ပက်ရှ်က ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်နဲ့ နိုင်ငံတောင်ပိုင်းအခြားဒေသတွေကို ထိခိုက်စေခဲ့တဲ့ ရေကြီးရေလျှံမှုအတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောခဲ့ပြီး ရေဘေးသင့်သူတွေကို သတိပေးချက်တွေ နှောင့်နှေးခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနဲ့ အခြေခံအဆောက်အအုံချို့ယွင်းမှုတွေအတွက် နိုင်ငံတော်ကို တရားဥပဒေအရ အရေးယူဖို့ တိုက်တွန်းနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
လူမှုရေးတရားမျှတမှုကို ပြန်လည်ရယူရေးတောင်းဆိုတဲ့ ဖောင်ဒေးရှင်းနဲ့ လူသိများတဲ့ မီဒီယာ ဥက္ကဋ္ဌဖြစ်တဲ့ ရွန်နာရွန်က သူ့ရဲ့ Facebook စာမျက်နှာ ပို့စ်တစ်ခုမှာ ရေဘေးသင့်ပြည်သူတွေအနေနဲ့ ဒေသခံအစိုးရအရာရှိတွေရဲ့ ပေါ့လျော့မှု ဒါမှမဟုတ် မှားယွင်းတဲ့လုပ်ဆောင်မှုကို သက်သေပြနိုင်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ နိုင်ငံတော်ကို လျော်ကြေးတောင်းခံပိုင်ခွင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ရေဘေးသင့်ဒေသတွေအတွက် ရေဘေးသတိပေးချက်တွေ ထုတ်ပြန်ရာမှာ နှောင့်နှေးမှုတွေကို ရွန်နာရွန်က ပြည်နယ်အေဂျင်စီတွေအနေနဲ့ ဘေးအန္တရာယ်ရဲ့ ပြင်းထန်မှုကို မှားယွင်းစွာ ဆုံးဖြတ်ကာ အချိန်မီ သတိပေးချက်တွေ ထုတ်ပြန်ဖို့ နှောင့်နှေးပျက်ကွက်ခဲ့လို့ ဒေသခံနေထိုင်သူတွေဟာ ပြင်ဆင်မှုမလုပ်နိုင်တာ ဒါမှမဟုတ် ရေဘေးသင့်ဒေသတွေကနေ ရွှေ့ပြောင်းထွက်ခွာဖို့ မပြုလုပ်နိုင်တာ ဖြစ်ရတယ်လို့ ထောက်ပြခဲ့ပါတယ်။
ရွန်နာရွန်က ပေါ့လျော့မှုလို့ ယူဆရတယ်လို့ ပြောခဲ့ပြီး သတိပေးချက်တွေ နှောင့်နှေးတာ ဒါမှမဟုတ် မလုံလောက်တာကို သက်သေပြနိုင်ရင် နိုင်ငံတော်က တာဝန်ယူရနိုင်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရေကြီးမှုကာလအတွင်း ဒေသခံတွေက သတင်းအချက်အလက်ရင်းမြစ်အဖြစ် ယုံကြည်ကြတဲ့ ဟတ်ယိုင် စည်ပင်သာယာအဖွဲ့ကိုလည်း စစ်ဆေးသင့်တယ်လို့ မစ္စတာရွန်နာရွန်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ ဟတ်ယိုင် စည်ပင်သာယာက ဒေသတွင်းရာသီဥတုအခြေအနေက ဘေးကင်းပါတယ်လို့ ဒေသခံတွေကို ကနဦးမှာ အာမခံခဲ့တာပါ။
ဒါကြောင့်လည်း ဒေသခံအများစုဟာ သူတို့ရဲ့နေအိမ်တွေမှာ ဆက်လက်နေထိုင်ဖို့ ဒါမှမဟုတ် ပိုင်ဆိုင်မှု ပစ္စည်းတွေကို အထပ်မြင့်တွေကို ရွှေ့ပြောင်းဖို့ ရွေးချယ်ခဲ့ကြတယ်လို့ သူက ပြောခဲ့ပါတယ်။
ဒါ့ပြင် သူက ရေထိန်းတံခါးတွေကို သင့်လျော်စွာ မလည်ပတ်တာ၊ ရေနုတ်မြောင်းတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်တာ၊ တူးမြောင်းတွေပိတ်ဆို့တာ ဒါမှမဟုတ် ရေစုပ်စက်တွေ ချို့ယွင်းတာတို့လို ရေစနစ်တွေကို စီမံခန့်ခွဲမှုညံ့ဖျင်းတာက ဒေသတွင်းရေကြီးမှုကို ပိုမိုဆိုးရွားစေတယ်လို့ဆိုခဲ့ပြီး အထောက်အထားတွေပြသနိုင်ရင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကိုလည်း တရားစွဲဆိုနိုင်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ၊ ဘူရာဖာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေကထိက တွဲဖက်ပါမောက္ခ အိုလန် သင်ဘန်တီးယိုက ဟတ်ယိုင်မှာ ရေကြီးမှုအကျပ်အတည်းက ဒေသဆိုင်ရာအရာရှိတစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်တွေကြောင့်မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းက အမြစ်တွယ်နေပြီဖြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာပြဿနာရဲ့ ရောင်ပြန်ထင်ဟပ်မှုပဲလို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက ဆယ်စုနှစ်များစွာကြာ ဗဟိုချုပ်ကိုင်မှုရှိတဲ့ ဗျူရိုကရေစီစနစ်က ဆုံးဖြတ်ချက်ချမှု နှေးကွေးစေကာ ဒေသဆိုင်ရာအေဂျင်စီတွေကိုလည်း ထိရောက်မှုမရှိဖြစ်စေပြီး အေဂျင်စီတွေအကြား ညှိနှိုင်းဆောင်ရွက်မှု မညီမညာဖြစ်ပေါ်စေတာကြောင့် ဟတ်ယိုင်ဟာ တောင်ပိုင်းဒေသရဲ့ အဓိကစီးပွားရေးဗဟိုချက်အဖြစ် အလျင်အမြန်တိုးတက်လာသော်လည်း အုပ်ချုပ်ရေးပိုင်း အားနည်းနေသေးတယ်လို့ ပြောကြားသွားပါတယ်။
Ref- Bangkok Post
