◾️ လက်နက်ကိုင်များ နယ်မြေချဲ့ထွင်လာမှုကြောင့် မြန်မာနိုင်ငံသည် တရားမဝင်ဘိန်း ထုတ်လုပ်ရာ ကမ္ဘာ့အဓိကရင်းမြစ်အဖြစ် အာဖဂန်နစ္စတန်ကို ကျော်တက်သွားခဲ့
သက်တန့်
၃. ၁၁. ၂၀၂၅
ယနေ့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၃ ရက်)တွင် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ၊ စစ်ပွဲဒဏ်ခံနေရသော မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်တစ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ပဋိပက္ခများနှင့် စီးပွားရေးအခက်အခဲများကြောင့် တောင်သူများ ပိုမိုများပြားစွာပင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကဲ့သို တရားမဝင် ကုန်သွယ်ရေးသို့ တွန်းပို့ခံနေရသည်။

UN Office on Drugs and Crime (UNODC) က ထုတ်ပြန်သော အစီရင်ခံစာအရ ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၂၄ ခုနှစ်၌ စိုက်ပျိုးခဲ့သော ဟက်တာ ၄၅,၂၀၀ (ဧက ၁၁၂,၀၀၀) မှ ဟက်တာ ၅၃,၁၀၀ (ဧက ၁၃၁,၀၀၀) အထိ မြင့်တက်လာခဲ့သည်။ ၎င်းသည် အာဖဂန်နစ္စတန်၏ ထုတ်လုပ်မှု ကျဆင်းနေချိန်တွင် မြန်မာနိုင်ငံသည် တရားမဝင်ဘိန်း ထုတ်လုပ်ရာ ကမ္ဘာ့ အဓိက ရင်းမြစ်အဖြစ် ရပ်တည်လာနေသည်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုအတွက် အရေးပါသော အခြေအနေတစ်ခုတွင် ရောက်ရှိနေသည်” ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Delphine Schantz က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သလို”စိုက်ပျိုးမှု အကြီးအကျယ် တိုးချဲ့လာခြင်းသည် ဘိန်းစီးပွားရေး မည်မျှအထိ နှစ်အနည်းငယ်အတွင်း ပြန်လည်အမြစ်တွယ်လာကြောင်း ပြသနေပြီး အနာဂတ်တွင် ပိုမိုကြီးထွားလာနိုင်ခြေကို ဖော်ပြနေသည်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက် နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်နေခဲ့သည်။ မဲမသမာမှုပြုသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရဟောင်းကို ဖြုတ်ချပြီးနောက် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည်။
အာဏာရ တပ်မတော်အစိုးရသည် လက်ရှိတွင် ပြည်တွင်းနေရာအနှံ့ စစ်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေချိန်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်။
UNODC ၏ နောက်ဆုံးတွေ့ရှိချက်များအရ ဘိန်းစိုက်ပျိုးမှုသည် နှစ်ပေါင်းများစွာ ကျဆင်းပြီးနောက် ၂၀၂၀ ပြည့်နှစ်မှစ၍ တသမတ်တည်း တိုးလာနေကြောင်း အတည်ပြုခဲ့သည်။ ၎င်း၏ အဓိကမောင်းနှင်အားမှာ ဘိန်းစျေးနှုန်းဖြစ်ပြီး ထိုကာလအတွင်း စျေးနှုန်းသည် နှစ်ဆတိုးလာခဲ့သည်။



စိုက်ပျိုးမှု အများဆုံး တိုးလာသည့်နေရာများမှာ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းနှင့် ချင်းပြည်နယ်တွင် ၂၆ ရာခိုင်နှုန်း တို့ဖြစ်သည်။ သို့သော် တောင်ပိုင်း ရှမ်းပြည်နယ်သည် စိုက်ပျိုးမှု၏ ၄၄ ရာခိုင်နှုန်းဖြင့် အဓိက စိုက်ပျိုးသည့် နေရာအဖြစ် ဆက်လက်တည်ရှိနေသည်။ အဆိုပါ နေရာသုံးခုစလုံးတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခများ လက်ရှိ ဖြစ်ပွားနေသည်။
စစ်တမ်းအရ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅၂ ဟက်တာ ဘိန်းစိုက်ပျိုးမှုကိုလည်း တွေ့ရှိခဲ့သည်။ ၎င်းသည် စစ်ကိုင်းတွင် ဘိန်းစိုက်ပျိုးမှု တွေ့ရှိရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပထဝီဝင်အရ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာနေကြောင်း ဖော်ပြနေသည်။
“ချင်းပြည်နယ်တွင် စိုက်ပျိုးမှု ချဲ့ထွင်လာခြင်းနှင့်အတူ ၎င်းသည် မြန်မာနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများအတွက် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် အာရုံစိုက်မှု ပိုမိုများပြားလာစေသည်” ဟု UNODC က ပြောကြားခဲ့သည်။
Ref : SCMP
