၃.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်အစိုးရရဲ့ ယူကရိန်းစစ်ပွဲပြီးဆုံးရေးကိုရည်ရွယ်တဲ့ ညှိနှိုင်းဆွေးနွေးမှုအဖြစ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်သမ္မတရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ခ်ကော့ဖ်ကို မော်စကိုမြို့မှာ ဒီဇင်ဘာလ ၂ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ စတင်ဖို့စီစဉ်ထားခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲက သမ္မတ ပူတင်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တက်ရောက်နေရတာကြောင့် သုံးနာရီလောက်နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲက ငါးနာရီခန့်အကြာမှာမှ ပြီးဆုံးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ဖော်ပြခဲ့ပါတယ်။ ရုရှားဘက်က ဆွေးနွေးပွဲကို အစိုးရအဖွဲ့ ထိပ်တန်းလက်ထောက် ယူရီ ယူရှာကော့ဗ်နဲ့ အကြီးတန်းစီးပွားရေးညှိနှိုင်းရေးမှူး ကီရီးလ် ဒီမီထရိဗ်တို့က ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ဝစ်ကော့ဖ်နဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက် ဂျရက်ကူရှ်နာတို့လည်း ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးအပြီးမှာတော့ ကီရီးလ် ဒီမီထရိဗ်က ဆွေးနွေးပွဲတွေက အကျိုးဖြစ်ထွန်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။ နှစ်ဖက်စလုံးကလည်း အလွန်အသုံးဝင်ပြီး အပြုသဘောဆောင်ကာ အလွန်အနှစ်သာရလည်းရှိတဲ့ အစည်းအဝေးတစ်ခုကို ကျင်းပနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တိကျခိုင်မာတဲ့ အပေးအယူ သဘောတူညီချက်တစ်ခုခုကိုတော့ မရရှိခဲ့ဘူးလို့ ယူရှာကော့ဗ်က ထပ်လောင်းပြော ကြားခဲ့ပါတယ်။
ယူရှာကော့ဗ်က “အခုအချိန်အထိတော့ ငြိမ်းချမ်းရေးအဆိုပြုချက်မှာ အလျှော့ပေး သဘောတူညီမှု ရယူမယ့်ပုံစံကို မတွေ့ရှိခဲ့ရပေမယ့် အမေရိကန်ရဲ့ အဆိုပြုချက်တချို့ကို အနည်းနဲ့အများလက်ခံနိုင်ဖွယ် ရှိပါတယ်…။ လုပ်ငန်းဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
ပူတင်က ငြိမ်းချမ်းရေးအဆိုပြုချက်မှာ တိုးတက်မှုအလားအလာတွေ တွေ့ရတယ်ဆိုတာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပယ်ချခဲ့ပါတယ်။ သူက လိုကိလျောမှု လုံးဝမပေးလို့ဆိုခဲ့ပြီး ယူကရိန်းအစိုးရအနေနဲ့ သိမ်းပိုက်မထားသော နယ်မြေမှဆုတ်ခွာမှုနဲသာ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်မယ်လို့ပြောထားခဲ့တာပါ။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ဒီဇင်ဘာ ၂ ရက်မှာ ရုရှားဘက်ခြမ်းနဲ့ ဆွေးနွေးမှုတွေ ချောမွေ့အဆင်ပြေခဲ့ရင် အမေရိကန်သမ္မတနဲ့ မကြာမီ တွေ့ဆုံနိုင်တယ်လို့ ပြောကြားထားတာပါ။
Ref-Kyiv Independent
.
