၃. ၃. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်းသည် တရွေ့ရွေ့ထိုးဆင်းလာကာ အောက်ခြေသို့ရောက်ပြီး ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင်များမပြဘဲ တည့် မတ်ရန်ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သော UNDP အဖွဲ့က ပြောသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်တွင် သုံးရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းသို့ အဆင့်လျော့ကျခဲ့သလို လယ်ယာဝင်ငွေဆုတ်ယုတ်မှုသည် အပြင်းထန်ဆုံးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ငွေလျော့နည်းဆုတ်ယုတ်မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည်ဟု  UNDP ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင် အငြင်းပွားမှုများကြောင့် အမျိုးသမီးများသည် ဝင်ငွေကျဆင်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ သိသိသာသာရှားပါးလာခြင်း၊ လုပ်ခမရသောအလုပ်ဝန်ထုပ်ဝန်ပိုးများ တိုးမြင့်လာခြင်း၊ မလုံခြုံမှုနှင့် ကြောက်ရွံ့မှုများ မြင့်တက်လာခြင်းစသည့် အချိုးအစားမညီမျှသော အကျိုးဆက်များကို ကြုံတွေ့ရကြောင်း UNDP နှင့် UN Women တို့ ပူးတွဲ ကောက်ယူခဲ့သောစစ်တမ်းတွင် ဖော်ပြထားသည်။

လုံခြုံမှုမရှိခြင်းသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးတွင် ဖြစ်သော်လည်း လူမှုဖူလုံရေး အာမခံချက်မရှိခြင်း၊ ငွေကြေးနှင့် အသက်မွေးဝမ်းကျောင်းမှုများ မရှိခြင်းတို့ကြောင့် အများဆုံး ဖြစ်ပေါ်လာသည့် အားနည်းချက်လည်း ဖြစ်စေခဲ့ကြောင်း၊ ထိုကဲ့သို့တွေ့ကြုံရချိန်တွင် ပြည်သူများသည် အစားလျှော့စားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မခံယူခြင်း၊ မိမိပိုင်ဆိုင်မှုများကို ထုခွဲရောင်းချခြင်းနှင့် ငွေကြေးချေးငှားခြင်းအစရှိသည့် အန္တရာယ်များသော ရေတိုဖြေရှင်းနည်းများကို အသုံးပြုကြရကြောင်း UNDP အဖွဲ့က ဖော်ပြထားသည်။

ပိုမိုနက်ရှိုင်းလာနေသော ပဋိပက္ခများနှင့် အကျပ်အ တည်းများသည် တိုင်းပြည်၏စီးပွားရေးကို ကမောက်က မဖြစ်စေကာ ပြည်သူများ၏ဝင်ငွေနှင့် အလုပ်အကိုင်များလည်းပျက်သုဉ်းပြီး ပြည်သူ့ဝန်ဆောင်မှုများကို ပြိုလဲစေခဲ့ကြောင်း၊ ၎င်းအရာအားလုံး၏ အကျိုးသက်ရောက်မှုသည် နေ့စဉ်နှင့်အမျှ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရသည့် သန်းပေါင်းများစွာသော လူများအပေါ်တွင် ဖိစီးထားကြောင်းUNDP အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

Ref . UNDP

Leave a Reply

Your email address will not be published. Required fields are marked *