April 29, 2024

၆. ၂. ၂၀၂၄
Written by Nyein Kyaw

၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာစာမေးပွဲများကို ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်မည်ဖြစ်ပြီး Grade 1 မှ Grade 4 အတန်းငယ်များ ဖြေဆိုပြီးမှသာ မူလတန်းအဆင့် Grade 5 နှင့် အလယ်တန်းအဆင့် Grade 9 များကို ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာစာမေးပွဲများအတွက် Grade 1 မှ Grade 4 အတန်းငယ်များ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရမည့်ရက် အများဆုံး ၄ ရက်ရှိမည်ဖြစ်ကာ ယင်းနောက်တွင် အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း Grade-5 စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်များကို အစဉ်လိုက် ဖြေဆိုရမည်ဖြစ်သည်။

အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း Grade-9 စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များ အစဉ်လိုက် ဖြေဆိုရမည်ဖြစ်သည်။အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကိုမူ လာမည့် မတ်လတွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဒီလ ၁၃ ရက်မှာ စဖြေရမှာ KG တွေကတော့ နှုတ်ဖြေပဲပေါ့။ သူတို့က အရေးမကြီးဘူး။ ကျောင်းနေပျော်အောင်ပဲ။ ကျန်တဲ့ Grade 1 ကနေ Grade 4 တွေကတော့ စာဖြေတာရော၊ နောက်ဆုံးရက် နှုတ်ဖြေအတွက်ရောက အများဆုံး ၄ ရက်ပဲ။ ကျန်တဲ့ အတန်းတွေက ဖေဖော်ဝါရီ ၂၂ ရက်မှ စဖြေရမှာ” ဟု ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

လက်ရှိတွင် အဖျက်အမှောင့်လုပ်ဆောင်နေသူများက အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် ဆောင်ရွက်နေ၍ မကြာမီ ကျင်းပမည့် အခြေခံပညာစာမေးပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအားလုံး အထူးအလေးထား ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် ပြည်‌ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် မှာကြားထားသည်။

စာသင်နှစ် တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်စေသည့်အတွက် ယင်းကဲ့သို့ နစ်နာမှုမရှိအောင် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် အခြေခံပညာစာမေးပွဲများ ကျင်းပချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးဝာာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူများ အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပညာရေးနှင့်ဆက်စပ်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း နယ်မြေအခြေအနေကြောင့် ဖွင့်လှစ်နိုင်မှုမရှိကြောင်း၊ ဥပမာအားဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့သောမြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ ၈,၁၀၈,၂၂၇ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် ၆,၇၆၇,၇၆၃ ဦးသာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန် ပျက်ကွက်သူ ၁,၃၄၀,၄၆၄ ဦး ရှိကြောင်းကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News