၃. ၁. ၂၀၂၅
Written by Nyein Kyaw
စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီး ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်မည်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင် ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် အရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်က မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် အသစ်တိုးချဲ့ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) အနေဖြင့် ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စာသင်နှစ်အလိုက် တန်းစဉ်များ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်၍ လိုအပ်ချက်များကို ဦးစားပေးအလိုက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တက္ကသိုလ်၏ အဆောက်အအုံများ၊ လမ်းနှင့် ရေမြောင်းများ ပြင်ဆင်မွမ်းမံမှုဆိုင်ရာလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက ကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်အဝင်မုခ်ဦးနှင့်လမ်းများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျောင်းမျက်နှာစာရှိ မူလရေဝပ်နေရာအား ယာယီရေကန်ငယ်အဖြစ် ဆောင်ရွက်နေမှု၊ ကျောင်းအတွင်းရှိ ရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းခွင်နှင့် ရေနုတ်မြောင်းများ၊ ကျောင်းသား ကျောင်းသအဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်းများ မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူ ၂၀၀၀ အတွက် အဆောင်ဆောက်လုပ်ရန် ရွေးချယ်ထားသည့်မြေနေရာတွင် အောက်ခံမြေလွှာ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
