
၂. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်းများ တည်ဆောက်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်ကြော်ငြာစာအမှတ် (၉၉/၂၀၂၅) ဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်တွင် ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းအား စက်မှုဇုန်များအကြား ချိတ်ဆက်မှုကောင်းစေရန် ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းများ၊ Dry Ports များ၊ အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ (Logistic Routes) အဆင်ပြေချောမွေ့လာစေရန်နှင့် နိုင်ငံ၏ စီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဦးဆောင်ကော်မတီအနေဖြင့် စီမံကိန်းဖော်ဆောင်ရေးတာဝန် အချက် ၇ ချက်ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယင်းတို့မှာ ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတို့ ဆက်စပ်ပြီး လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အကျိုးရှိထိရောက်စေမည့် အမြန်လမ်းများ၏ လမ်းအူကြောင်းများ (Alignments) ကို ရှာဖွေဖော်ထုတ်ခြင်း၊ စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်နှင့်အညီ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးစီးဆောင်ရွက်ရမည်ဖြစ်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတစ်လျှောက်တွင် ပေါ်ထွက်လာမည့် စက်မှုဇုန်များ၊ Logistic Hubs Dry Ports၊ ဆိပ်ကမ်းများနှင့် အခြေပြုမြို့သစ်များ (Satellite Towns) ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အကြား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်း ရင်းနှီးမြှုပ်နှံမှုများအား ဘတ်ဂျက် အသုံးပြုမှုအနည်းဆုံးကိုအခြေပြု၍ PPP စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ထုတ်ပြန်ထားသော တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို စီးပွားရေးရာကော်မတီမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြခြင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်သုံးစွဲရမည့်ကိစ္စရပ်များအပါအ၀င် အရေးကြီးသည့်ကိစ္စရပ်များကို ဆုံးဖြတ် ဆောင်ရွက်ရမည့်အချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
