၂၀.၁၁.၂၀၂၅
Written by Thiri



အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းပညာ တစ်ပိုင်းတစနဲ့ ကျောင်းထွက်ထားသူ၊ အခြေခံပညာ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ရှိသူတွေပါ တက်ရောက်နိုင်မယ့် အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ဒီဇင်ဘာလထဲမှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်အရ အချိန်ပိုင်းအနုပညာဒီပလိုမာနဲ့ အသိအမှတ်ပြု အနုပညာအောင်လက်မှတ်ရ သင်တန်းတွေကို ယခင်က ဖွင့်လှစ်သင်ကြားပေးခဲ့ရာမှာ အနိမ့်ဆုံး ပညာအရည်အချင်း သတ်မှတ်ချက်ကို အခြေခံပညာ အထက်တန်း Grade – 12 (သို့မဟုတ်) ဒသမတန်းအဆင့် သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံရှိ အခြေခံပညာ (မူလတန်း၊ အလယ်တန်း) အဆင့်နဲ့ ကျောင်းထွက်ထားသူတွေအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေဖို့ ဂီတပညာဌာနက စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယောနဲ့ အဆိုဘာသာရပ်တွေ၊ သဘင်ပညာဌာနက မြန်မာ့ရိုးရာရုပ်သေးပညာနဲ့ မြန်မာ့ရိုးရာအကပညာ၊ ပန်းချီပညာဌာနက အခြေခံပန်းချီပညာ၊ ခဲပန်းချီနဲ့ ရေဆေးပန်းချီ ရေးဆွဲနည်း၊ ပန်းပုပညာဌာနက အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုနဲ့ ပန်းပု ပုံဖော်နည်းပညာ စတာတွေကို သင်ကြားပေးမှာဖြစ်ပြီး သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံကာ သတ်မှတ်ကာလအတွင်း ပြီးဆုံးအောင်သင်ကြားနိုင်ပါက အသိအမှတ်ပြု အနုပညာအောင်လက်မှတ် ပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။
အဆိုပါ သင်တန်းတွေကို တက်ရောက်သင်ကြားလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉- ၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀၊ ၀၉- ၂၅၀၀၈၈၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ် လျှောက်ထား မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
Photo – NUAC Yangon
